နေပြည်တော် စက်တင်ဘာ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀နာရီက ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ကျင်းပသည့် အိန္ဒိယ-မြန်မာကုန်သည်များအသင်းမှ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံအတွင်းရင်းနှီးမြုပ်နှံထားသည့် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံဖြစ်သည်နှင့်အညီ ရှေးယခင်ကပင် နှစ်နိုင်ငံမိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြ ပါကြောင်း၊ မိမိတို့နိုင်ငံအတွင်းသို့ အိန္ဒိယနိုင်ငံသားများ အပါအဝင်နိုင်ငံ ခြားသားများကို ဥပဒေနှင့်အညီ ဝင်ရောက်နိုင်ရေးအတွက်လည်း ဗီဇာလျှောက်ထားရယူမှုပုံစံ သုံးမျိုးဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်ဩဂုတ်လ (၃၁)ရက်မှစ၍ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ (VOA) ကိုခွင့်ပြုဆောင်ရွက် ပေးနေပြီဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကဏ္ဍအသီးသီး၌ လာရောက်ရင်းနှီး မြုပ်နှံမှုများ များစွာရှိသည်နှင့်အညီ လာရောက်ရင်းနှီးမြုပ်နှံ ဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့်ဆိုင်ရာကိစ္စရပ်များ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သတ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားများကိုလည်း ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ အပြန်အလှန် ကူးလူးဆက်နွယ် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံနယ်စပ် ဒေသလူဝင်မှုကြီးကြပ် ရေးလုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ သိရှိလိုသည်များ၊ တွေ့ကြုံရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းမေး မြန်းဆွေး နွေးကြစေလိုပါ ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့်အိန္ဒိယ-မြန်မာ ကုန်သည်များအသင်းဉက္ကဌ Mr.Nasesh Kumes Dinodiya က အိန္ဒိယ-မြန်မာ ကုန်သည်များအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် အိန္ဒိယ-မြန်မာ ကုန်သည်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များက ကဏ္ဍပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် ခွင့်ပြုဆောင်ရွက်မှု၊ Form-C နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံသို့အလည်အပါတ်လာရောက်မည့် အိန္ဒိယနိုင်ငံသားများအတွက် ပြည်ဝင် ဗီဇာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြန်လည်ရှင်းလင်းဖြေကြားပြီး အီလစ်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အိန္ဒိယ-မြန်မာ ကုန်သည်များအသင်းဥက္ကဋ္ဌနှင့် အသင်းဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ကို အမှတ်တရ လက်ဆောင်ပေးအပ်ပြီး အိန္ဒိယမြန်မာကုန်သည်များ အသင်းကော်မတီဝင် Dr.Sital Kumar က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)