နေပြည်တော် ဖေဖော်ဝါရီ ၂၀
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်း အဝေးခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့မှုနှင့် ယခုအခါ အဆိုပါစာရင်းများ၏ လူဦးရေ အချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်နေမှု၊ အချက်အလက်များ ကွဲလွဲမှုနှင့်မပြည့်စုံမှု၊ အချက်အလက်များ ထပ်နေမှုနှင့် မပါရှိမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အဆင့်မှသည် ခရိုင်၊ တိုင်းဒေသကြီး စသည့် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက အဆင့်ဆင့် စိစစ်အတည်ပြုဆောင်ရွက်၍ သတ်မှတ်ရက်အရောက် တင်ပြဆောင်ရွက်ရေး၊ ယခုအခါ ပြည်လုံးကျွတ် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ပြီးစီးမှုနှင့် ယင်းအချက် အလက်များအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့သည့် အချက်အလက်များနှင့် နှိုင်းယှဉ် သုံးသပ်ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ပြင်ဆင်အတည်ပြုဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက်အရောက်တင်ပြ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့် (၃) လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်၊ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးကြီးကြပ်မှု ကော်မတီဝင်များက လုပ်ငန်းကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် လက်ငင်းဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ အခြားသောဆက်စပ်ဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကျရာတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ အကျယ့်တဝင်း ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့် ဆည်းကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ရုံးအဆောက်အဦအခြေအနေနှင့် ရုံးဝန်းအတွင်း စိုက်ပျိုးရေး၊ မွေးမြူးရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်