နေပြည်တော်၊  အောက်တိုဘာ  ၁

ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်  နေပြည်တော်ကောင်စီနယ်မြေ သန်းခေါင်စာရင်း ကော်မတီဝင်များပူးပေါင်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် ကော်မတီဝင်များက ဒက္ခိဏသီရိ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း သွားရောက်၍ လူဦးရေနှင့် အိမ်အကြောင်းအရာသန်း ခေါင်စာရင်း၊ အိမ်ထောင်စုဆိုင်ရာ မေးခွန်းအချက်အလက်များကို မေးမြန်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများအား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရခြင်း အကြောင်းနှင့် မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်း ပြောကြား ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒိုးနွယ်ကျေးရွာအုပ်စု ရဲဒီးကျေးရွာရှိ မြန်မာရွှေ သစ်သီးဝလံ ကုမ္ပဏီလီမိတက် စက်ရုံ၌ ဝန်ထမ်းများနှင့်မြို့နယ်နှင့် ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ ပူးပေါင်းကာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် အစုအဖွဲ့ ဆိုင်ရာ မေးခွန်းများ မေးမြန်း၍ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုကာ စက်ရုံဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယခု စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည့် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းမဆောင်ရွက်မီ တစ်နှစ်အလို ဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက် မှ (၁၅) ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် မြို့နယ် (၂၀) ကို ရွေးချယ်သတ်မှတ်၍ စုစုပေါင်း ကောက်ကွက် (၁၀၀) ကို ပြည်လုံးကျွတ် အဆင့်ကောက်ယူမည့် အစီအစဉ်အတိုင်း ကောက်ယူခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် Mobile Tablet များ အသုံးပြုကာ Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် အစုအဖွဲ့အတွက် မေးခွန်း (၁၈)ခု၊ အိမ်ထောင်စုများအတွက် မေးခွန်း (၆၈) ခုကို မေးမြန်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်