နေပြည်တော် ဒီဇင်ဘာ ၁၄
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗဟိုသန်းခေါင် စာရင်းကော်မရှင် ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲက ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီဝင်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်း ဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အနေဖြင့် စာရင်းကောက်ယူရေးအဖွဲ့ (၆၇၈)ဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့ရာတွင် ရာနှုန်းပြည့် ကောက်ယူပြီးစီးခဲ့ပြီး e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုဖြင့် (၂ ဒဿမ ၉) သိန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံဖြင့် (၇)သောင်းကျော် စုစုပေါင်း အိမ်ထောင်စု (၃ ဒဿမ ၆) သိန်းကျော်ကို ကောက်ယူနိုင်ခဲ့ကြောင်း၊ ကောက်ယူရရှိသည့် အချက် အလက်များကို ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက်တိုက်ဆိုင် ဖြည့်သွင်းအတည်ပြုခြင်း လုပ်ငန်းသည် ဆောင်ရွက်ရန်အနည်းငယ် ကျန်ရှိနေသည့်အတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယင်းစာရင်းများအရ အိမ်ထောင်စုစာရင်းရှိသော်လည်း နိုင်ငံသားကတ်မရှိသေးသူများ၊ အလွတ်ပုံစံဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စုများအတွက် အမှန်တကယ် အိမ်ထောင်စုစာရင်းရှိ၊ မရှိ စိစစ်၍ မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် (၅)ဦးကော်မတီဖြင့် အသေးစိတ်စိစစ်အတည်ပြုကာ နိုင်ငံသား အရည်အချင်းနှင့် ကိုက်ညီသူများကို ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း။
ထို့ပြင် အချက်အလက် ကွဲလွဲနေသူများ၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ထား သူများ၊ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား၊ အသက် (၁၈) နှစ်နှင့်အထက် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်း မရှိသူများကိုလည်း စနစ်တကျစိစစ်၍ ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင် ဆောင်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားပြီးဖြစ်သည့် သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်က ကြိုတင်စီစဉ်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် တစ်ခုနှင့်တစ်ခုချိတ်ဆက်နေပြီး နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်ရ မည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့် ကောက်ယူပြီးစီးသည့် အချက်အလက်များအား e-ID Server အတွင်း စိစစ်ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက် အဆင့်ဆင့်ဆောင်ရွက်မှုနှင့် ပြည်သူများအား Biographic/Biometric ကောက်ယူဆောင်ရွက်နေမှု၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် စီစဉ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းစဉ်အလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်လို အပ်ချက် များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခန်းမ၌ပင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးကာ ပျဉ်းမနားခရိုင်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို လက်ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)