နေပြည်တော် နိုဝင်ဘာ ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ UNHCR ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou နှင့်အဖွဲ့ကို ယနေ့မွန်းတည့် (၁၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ပံ့ပိုးပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်ခဲ့မှုနှင့် ယင်း MoU သက်တမ်းတိုးမြှင့် နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးဆဲကာလ အတွင်း MoU သက်တမ်းကုန်ဆုံးမှုအခြေအနေ၊ ယင်း MoU ပါစာသားအချို့အား လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် စာသားအသုံးအနှုန်းများဖြင့် ပြင်ဆင်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံနိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် စာရင်းများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြန်လည်စိစစ် အတည်ပြုပြန်ကြားမှုအခြေအနေ၊ လက်ရှိအခြေအနေတွင် Pilot Project ဖြင့် ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှုနှင့် အသုတ်လိုက် ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာသူများအား မူလနေထိုင်ရာဒေသ (သို့မဟုတ်) မူလနေထိုင်ရာဒေသနှင့် အနီးဆုံး လုံခြုံစိတ်ချရသော နေရာများ၌ ပြန်လည်နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် နေရာချထားမည့် ဒေသများအား ၎င်းတို့၏ ကိုယ်စားလှယ်များ လာရောက်ကြည့်ရှုလေ့လာခဲ့မှု၊ UNHCR ကိုယ်စားလှယ်များအနေဖြင့် ယခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့မှုနှင့် ဒေသအာဏာပိုင်များနှင့်တွေ့ဆုံ၍ ပြန်လည်လက်ခံရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား မေးမြန်းဆွေးနွေးခဲ့မှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သဘောတူ လက်မှတ်ရေးထိုးမည့် MoU အား သုံးပွင့်ဆိုင် ညှိနှိုင်းပြင်ဆင် အတည်ပြုလက်မှတ်ရေးထိုးပြီးပါက ပြန်လည်ဝင်ရောက်လာသူများအတွက် ပြန်လည်နေရာချထားနိုင်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေး၍ ရေရှည်လူမှုဘဝ ရပ်တည်နေထိုင်နိုင်ရေးတို့အတွက် စီမံဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိ သူများ၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူး Mr. Indrika Ratwatte ၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်