နေပြည်တော် နိုဝင်ဘာ ၁၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးအတွက် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းနှင့် ကောက်ယူရရှိသည့် အချက်အလက်များကို ရုံးလက်ခံမှတ်တမ်း များဖြင့် တိုက်ဆိုင်စိစစ်ကာ ရုံးချုပ်ရှိ e-ID Database ထဲသို့ ပေးပို့ထိန်းသိမ်းခြင်းလုပ်ငန်း၊ e-ID စနစ် အကောင် အထည်ဖော်ရေးအတွက် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း စသည့် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပေးအပ်သည့်တာဝန်များကို အတူတကွလက်တွဲ ပူးပေါင်းကာ အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ထူးခြားဖြစ်စဉ် များရှိပါက အချိန်နှင့်တပြေးညီ တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တို့သည် မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားကတ်မရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ချက်ချင်းဆောင်ရွက်ပေးပြီး e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက် အလက်များ ကောက်ယူခြင်းလုပ်ငန်းအား တစ်ပါတည်းဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားကတ် ရှိပြီးသူများအား ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနေမှုအခြေအနေကို လှည့်လည်ကြည့်ရှု အားပေးကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများ၏ လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


