နေပြည်တော် နိုဝင်ဘာ ၁၈
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ယမန်နေ့ မွန်းလွဲ (၁) နာရီက မကွေးမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များ၊ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အရေးအကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးသည် အရေးကြီးပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် တိကျသည့် လူဦးရေစာရင်းရရှိစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖွဲ့စည်းကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၉) ရက်မှ (၃၁) ရက်အထိ ရုံးပိတ်ရက်မပါ ရက်ပေါင်း (၂၀) သတ်မှတ်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း၊ ကောက်ယူရရှိ သည့်စာရင်းဇယား၊ အချက်အလက်များကို လည်း တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ လဝကမြို့နယ် ဦးစီးမှူးရုံးများရှိ ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်၍ Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက်များဖြင့် တိုက်ဆိုင်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် စုစုပေါင်းအိမ်ထောင်စု (၁၂ ဒဿမ ၄) သိန်းကျော်ကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၃၁) ရက်အထိ e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့်ကောက်ယူမှု (၈ ဒဿမ ၄) သိန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူမှု (၉) သောင်းခန့်၊ စုစုပေါင်း (၉ ဒဿမ ၃) သိန်းကျော် ကောက်ယူပြီးစီးခဲ့ကြောင်း။
နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ကောက်ယူရန်ကျန်ရှိ ဒေသအနည်းငယ်ရှိနေ သော်လည်း တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကောက်ယူဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယင်းစာရင်းများအရ အိမ်ထောင်စုစာရင်းရှိသော်လည်း နိုင်ငံသားကတ်မရှိသေးသူများ၊ အလွတ်ပုံစံဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စုများအတွက် အမှန်တကယ်အိမ်ထောင်စုစာရင်းရှိ/မရှိ စိစစ်၍ မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် (၅) ဦးကော်မတီဖြင့် အသေးစိတ်စိစစ်အတည်ပြုကာ နိုင်ငံသားအရည်အ ချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အချက်အလက်ကွဲလွဲနေသူများ၊ အမျိုးသားမှတ်ပုံတင် ကတ်ပြား ကိုင်ဆောင်ထားသူများ၊ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား၊ အသက် (၁၈) နှစ်နှင့်အထက် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများကိုလည်း စနစ်တကျစိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ (၁၅) ရက်ကြာ ကောက်ယူ သွားမည်ဖြစ်ရာ လုပ်ငန်းများအောင်မြင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာစသည့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းကာ မထပ်မကျန် စာရင်းမှန်ရရှိရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူဆောင်ရွက်မှုနှင့် ကောက်ယူရန်ကျန်ရှိသည့် ဒေသများကိုဆက်လက်ကောက်ယူ ဆောင်ရွက်မည့်အစီအစဉ်၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ် များ၊ သက်ဆိုင်ရာကော်မတီဝင်များက လုပ်ငန်းများအောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမှုနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးအတွက် စီစဉ်ထားရှိမှု၊ မဲစာရင်း မှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအဆောက်အဉီအခြေအနေနှင့် ရုံးခန်းများဖွဲ့စည်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်