နေပြည်တော် ဒီဇင်ဘာ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ထမ်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ စသည့် မြို့နယ်(၇)မြို့နယ်မှ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူခြင်းလုပ်ငန်း (One Stop Service) ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် အချက်အလက်ကွဲလွဲနေမှုများရှိပါက စနစ်တကျစိစစ်၍ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် စီစဉ်ဆောင်ရွက်ကြရေးမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးကာ Unique ID နံပါတ်ရရှိပြီးသူများအနေဖြင့် အခြားသော ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အခြေအနေများကို ရှင်းလင်းပြေားကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
အဆိုပါအခမ်းအနားတွင် စည်ပင်သာယာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြား မရှိသေးသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီး e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ် ရှိပြီးသူများအား ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသေးသူ (၂၃၄)ဦးအား နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ (၈၀)နှင့်အတူ စုစုပေါင်း (၃၁၄)ဦးကို e-ID စနစ်ဆောင်ရွက်ပေး၍ Unique ID နံပါတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


