နေပြည်တော် အောက်တိုဘာ ၄

 

(၄၅)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်  ၇ နာရီတွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Chan Foong Hin က အဖွင့်အမှာစကား ပြောကြားပြီး (၄၅) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ စတင်ဖွင့်လှစ်ကြောင်း ကြေညာသည်။

 

(၄၅)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး (Forty-Fifth Meeting of the ASEAN Ministers on Agriculture and Forestry - 45th AMAF) တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးပြောကြားရာ၌ မလေးရှားနိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၏ သဘာပတိက  တင်ပြခဲ့သော ပြီးပြည့်စုံသော အစီရင်ခံစာ အပေါ် အားရကျေနပ်မိကြောင်း၊ အစီရင်ခံစာတွင် ဖော်ပြပါရှိသော စားရေရိက္ခာ၊ စိုက်ပျိုးရေး သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကောင်းမွန်သော ရလဒ်များ ရရှိခဲ့သည့်အတွက် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုကြောင်း၊ အာဆီယံနိုင်ငံများ၏ စားရေရိက္ခာ၊ စိုက်ပျိုးရေး သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျာမနီ၊ အီတလီ စသည့် ဆွေးနွေးဖက်နိုင်ငံများ၊ ဥရောပသမဂ္ဂ၊ နိုင်ငံတကာ စိုက်ပျိုးရေးသုတေသနဆိုင်ရာ အကြံပေးအဖွဲ့-CGIAR ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး သဘာပတိက တင်ပြခဲ့သော အစီရင်ခံစာနှင့် အကြံပြုချက်များကို လက်ခံအတည်ပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။  

 

အဆိုပါ အစည်းအဝေးတွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးများမှ ထွက်ပေါ်လာသောရလဒ်များ၊ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မူဝါဒမူဘောင်အရ အကောင်အထည် ဖော်ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးကြသည်။

 

ထို့ပြင် အစည်းအဝေးတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှု၏ အရေးပါမှုကို အသိအမှတ်ပြုပြီး စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ဒေသတွင်း အခွင့်အလမ်းများကို ဆုပ်ကိုင်ရန် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးကာ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိကဝတ်ပြုကြသည်။

 

mdn

 

ထို့အတူ ၂၀၂၂ ခုနှစ် -၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများအတွက် အဓိက ဦးစားပေးလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများကို မှတ်တမ်းတင်ခဲ့ကြပြီး ၂၀၂၄ ခုနှစ်အတွင်း စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများအတွက် အဓိကဦးစားပေး လုပ်ငန်းစဉ် (၃)ခု ဖြစ်သော ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော အရေပြား အကျိတ်ရောင်ရောဂါ ကာကွယ်တားဆီးရေး နှင့် ထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊   ငါး၊ ပုစွန်များ တွင် ဖြစ်ပေါ်တတ်သော ဘက်တီးရီးယားပိုးမွှားရောဂါများ၌ ပိုးသတ်ဆေးယဉ်ပါးမှုကို စောင့်ကြည့် စစ်ဆေးခြင်းဆိုင်ရာ အာဆီယံဒေသတွင်း လမ်းညွှန်ချက်၊   အာဆီယံဒေသတွင်း တောတောင်မြေယာရှုခင်းစနစ်တွင် ဒေသခံများ၏ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ဒေသခံများထံမှ လွတ်လပ်စွာကြိုတင် အသိပေးသဘော တူညီမှုရယူသည့် စနစ်ဆိုင်ရာ လက်စွဲစာအုပ်၊ ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ က အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း အဆိုပြုသည့် စီးပွားရေးဆိုင်ရာ အဓိကဦးစားပေး လုပ်ငန်းစဉ်(၂)ခုဖြစ်သည့်   ရေရှည် တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ အာဆီယံ လမ်းညွှန်ချက်များနှင့် မဟာဗျူဟာများဆိုင်ရာ လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း၊ အာဆီယံဒေသတွင်း ကာဗွန်ထုတ်လွှတ်မှုလျော့နည်းရေး ဆိုင်ရာ မဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် သီးနှံစွန့်ပစ်အမှိုက်များ မီးရှို့မှု လျော့ချရေး လမ်းညွှန်ချက်တို့ကို အတည်ပြုခဲ့ကြသည်။

 

ထို့နောက် (၄၅)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်