နေပြည်တော်၊ နိုဝင်ဘာ ၂၀
အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သော လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီဝန်း အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ စုစုပေါင်း (၉၃) ဦး တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းသာမက နိုင်ငံတကာနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားထုတစ်ရပ် ပေါ်ထွန်းလာစေရန် မျှော်မှန်းချက်ထားရှိကာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းများတွင် လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှု သင်တန်းများဖြစ်သည့် လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ လေအေးပေးစက် တပ်ဆင်ပြုပြင်ခြင်းသင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ Air Compressor ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် ကြွေပြားကပ် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း။
သင်တန်းသားများအနေဖြင့် လျှပ်စစ်လုပ်ငန်းတွင် ကျွမ်းကျင်မှုရှိစေရန် အခြေခံကျသော စာတွေ့/ လက်တွေ့ သင်ခန်းစာတွေကို စိတ်ပါဝင်စားစွာဖြင့် သင်ယူကြရန်လိုကြောင်း၊ သင်တန်း ဆင်းပြီးပါကလည်း NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနများတွင် ဝင်ရောက်ဖြေဆို၍ ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များရရှိကာ လုပ်ခလစာ တိုးမြှင့်ရရှိခြင်း၊ ရာထူးအဆင့်တိုးမြင့်ခြင်း၊ ဝင်ငွေတိုးတက်လာခြင်းစသော ရလဒ် ကောင်းများ ရရှိခံစားရမည်ဖြစ်၍ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်များတွင် ဝင်ရောက်ဖြေဆိုကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့က အမှာစကားများ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း၌ ပို့ချမည့် အထောက်အကူပြုပစ္စည်းများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်