နေပြည်တော် ဒီဇင်ဘာ ၁
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် လူမှုဖူလုံရေး အဖွဲ့ရုံးချုပ်၊ စုပေါင်းအစည်းအဝေးခန်းမ၌ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက် လျက်ရှိသော ဆေးခန်းများ၏ အာမခံအလုပ်သမားများအတွက် ဆေးကုသဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ စာချုပ်ဆေးခန်းမှ တာဝန်ရှိသူများကို တွေ့ဆုံသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးခန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဉီးစွာပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အဓိကလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သည့် အာမခံ အလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Providing Free Medical Care)၊ ငွေကြေးအကျိုး ခံစားခွင့်ပေးခြင်း (Providing Cash Benefits)တို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ အဓိကလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို တစ်ဘက်တစ်လမ်းမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် Providers များအားလုံးကို ကျေးဇူးတင်ကြောင်း၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက်များကို ကောင်းမွန်ပြည့်စုံစွာ ဖြည့်ဆည်း ပေးအပ်နိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးများ/ မြို့နယ်လူမှုဖူလုံရေး ဆေးခန်းများအပြင် ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး စာချုပ်ဆေးရုံ/ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ပြီး Carewell Medical Co; Ltd နှင့် ပူးပေါင်းကာ အဖွဲ့ပိုင်ဆေးခန်းများတွင် Carewell Medical Co; Ltd မှ လိုအပ်သော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများဖြည့်တင်းကာ ဆေးဘက်စီမံခန့်ခွဲမှုလုပ်ငန်းများ အပါအဝင် ဆေးကုသမှုဝန်ဆောင်မှုများကို ပေးအပ်သည့် စမ်းသပ်ဆေးခန်းများ အဖြစ် Carewell Medical Co; Ltd နှင့် စတင်ဆောင်ရွက်ခဲ့ကြောင်း။
၂၀၁၈ ခုနှစ် ဧပြီလတွင် နိုင်ငံတကာတွင် ကျင့်သုံးအောင်မြင်နေသည့် Provider Purchaser Split (Capitation Payment) စနစ်ဖြင့် စာချုပ်ဆေးခန်းများဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် Capitation Payment စနစ် စာချုပ်ဆေးခန်း (၂၄) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၂၈) ခန်း ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အကျုံးဝင် အာမခံအလုပ်သမားများအနက် အမျိုးသမီးအလုပ်သမားများသည် သုံးပုံနှစ်ပုံခန့်ရှိခြင်းကြောင့် သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD Care) နှင့် မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ထပ်တိုးဝန်ဆောင်မှုဆောင်ရွက်ပေးနိုင်ခဲ့၍ စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၂)ခန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာချုပ်ဆေးခန်းများအနေဖြင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးသည့်နေရာတွင် စေတနာ၊ မေတ္တာထားပြီး အလုပ်သမားဆေးရုံကြီးများ အသွင်အပြင် ခန့်ငြားစေရေး၊ ဝန်ဆောင်မှုတိုးတက် ကောင်းမွန်စေရေး တစ်ဘက်တစ်လမ်းမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/ ဆေးခန်းများနှင့်ပတ်သက်၍ ဆေးကုသဆောင်ရွက်ပေးမှု အခြေအနေများနှင့် စာချုပ် ဆေးခန်းမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများကိုပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)