ရန်ကုန် အောက်တိုဘာ ၁၃
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အကြားတွင် အထည်ချုပ်စက်ရုံ ၁၃၀ ကျော်ကို ဈေးကွက်သစ်ရှာဖွေခဲ့ပါကြောင်း၊ ဂျပန်နှင့်ကိုရီးယားသည် မြန်မာအထည်ချုပ်ကို ဝယ်ယူသည့် အဓိကနိုင်ငံများဖြစ်လာကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဂျပန်မှ အမှာစာ ၃၇ ဒသမ ၅ ရာခိုင်နှုန်း၊ ကိုရီးယားမှ ၂၅ ဒသမ ၃ ရာခိုင်နှုန်း လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများ တစ်ရှိန်ထိုးတိုးတက်မှုကြောင့် အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးခဲ့ပါကြောင်း၊ လက်ရှိ CMP စက်ရုံနှင့် CMP တစ်ဆင့်ခံစက်ရုံ ၇၈၈ ရုံ ရှိပါကြောင်း၊ ပို့ကုန်ဝင်ငွေများအလိုက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၄၃၁၆ ဒသမ ၈၉ သန်းရှိသဖြင့် ယခင်နှစ်ပို့ ကုန်တန်ဖိုးထက် ပိုမိုတိုးတက်လာခဲ့ကြောင်း။
ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ အထည်ချုပ်စက်ရုံပေါင်း ၅၃ ရုံအား NSSA အသိအမှတ်ပြုကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံ များအနေဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင် နွယ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး (၁) ဦးထွန်းထွန်းနှင့်
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ်
ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အထည်ချုပ်လုပ်ငန်း ကဏ္ဍများ အောင်မြင်စေရေး၊ ပို့ကုန်ကဏ္ဍမြှင့် တင်နိုင်ရေးနှင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်စေရေး၊ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်