နေပြည်တော် ၊ နိုဝင်ဘာ ၆
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ နိုဝင်ဘာ ၃ ရက်မှ ၄ ရက် အထိကျင်းပသည့် အာဆီယံ-တရုတ် ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်သို့ ရောက်ရှိစဉ် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား တရားဝင် အလုပ်အကိုင်ရရှိရေးနှင့် တရားမဝင်သွားရောက်မှု လျော့နည်းပပျောက်ရေး၊ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး အပြည့်အဝရရှိရေး၊ ကာကွယ်စောင့်ရှောက်မှု တိုးမြှင့်ရေး နှင့် သတင်းအချက်အလက်များ စုဆောင်းနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ပြည်ပဆိုက်ရောက်၊ ထွက်ခွာနေရာတို့၌ ဖွင့်လှစ်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့နေရာ (Myanmar Migrant Workers’ Reporting Counter) များတွင် ပြည်ပနိုင်ငံများသို့ Job Passport (PJ) ကိုင်ဆောင်ထွက်ခွာမည့် သူများအား ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့်အညီ ပြည်ပအလုပ် အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) ကိုင်ဆောင်မှု ရှိ-မရှိ နှင့် ယင်းကတ်ပြားအား အတုအစစ် ခွဲခြားစစ်ဆေးမှု ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီး (ရန်ကုန်) သို့ သွားရောက်၍ ဆေးရုံကြီးပရိဝုဏ်နှင့် ဝန်ထမ်းအိမ်ရာများအတွင်း သန့်ရှင်းသပ်ရပ်ရေးနှင့် စိမ်းလန်းသာယာရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်