ဗီယက်နမ် မေ ၁၃
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲအခမ်းအနားကို မေ ၁၂ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ My Dinh National Stadium ၌ ကျင်းပသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ သမ္မတ Nguyễn Xuân Phúc က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ကြောင်း ကြေညာပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို (၂၀၀၃) ခုနှစ်က အိမ်ရှင်အဖြစ် ပထမအကြိမ် လက်ခံကျင်းပခဲ့ပြီး ယခု ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်းနှင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစား နည်း ၄၀ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်