နေပြည်တော် ဒီဇင်ဘာ ၁၄

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်(၇) နာရီခွဲတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေးနှင့် လက်ရွေးစင်အားကစားသမားများကို အထောက် အကူပြုနိုင်မည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ပုသိမ်မြို့နယ် သစ်ပုတ်ကုန်း ကျေးရွာအုပ်စု၌ တည်ဆောက်မည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (ပုသိမ်)မြေနေရာကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျောင်းအဆောက်အဦ၊ အားကစားလေ့ကျင့်ရေး ကွင်းနှင့် ရုံတည်ဆောက်မည့် အကွက်ချပုံစံ ရေးဆွဲတင်ပြသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့နယ်ရှိ ကိုးသိန်းအားကစားပြိုင်ကွင်းသို့  သွားရောက်၍ ကွင်းရေစိမ့်မြောင်းပြုလုပ်ခြင်း၊ သဲ၊ နုန်းမြေဖြည့်ခြင်း၊ မြေသားပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျ ကြီးကြပ် ဆောင်ရွက်ရန်၊ မြက်ဖြတ်ခြင်းများ ပုံမှန်ဆောင်ရွက်သွားရန်နှင့် ကိုးသိန်းအား ကစားပြိုင်ကွင်းရှိ လက်ရှိပွဲကြည့်စင် များကို ခေတ်မီပွဲကြည့်စင်များအဖြစ် ပြုပြင်တည်ဆောက်နိုင်ရေးနှင့် LED Score Board ထည့်သွင်းတပ်ဆင်နိုင်ရေး လျာထားဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း အားကစားတိုးတက်ရေးအတွက် တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်နှင့် လူငယ်များအသိပညာမြင့်မားပြီး အနာဂတ်နိုင်ငံတော်အတွက် အဖိုးတန်လူငယ်များ ဖြစ်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)