နေပြည်တော် ဒီဇင်ဘာ ၁၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အားကစား ကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားဝါသနာရှင်များနှင့် အများပြည်သူများ အားကစားလေ့ကျင့်ခန်းများ ပျော်ရွှင်စွာ လာရောက်ပြုလုပ်နိုင်စေရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ဘောလုံးကွင်း စိမ်းလန်းစိုပြည်စေရေး၊ လူငယ်များ စိတ်ချမ်းမြေ့စွာ ကစား နိုင်စေရေးတို့အတွက် ပုံမှန်မြက်ဖြတ်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားပြီး ပွဲကြည့်စင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဖျာပုံမြို့နယ် ခရိုင်အားကစားခန်းမနှင့် ဘိုကလေးမြို့နယ် ပြည်သူ့အားကစား ကွင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း သန့်ရှင်းရေးနှင့် စိမ်းလန်းစို ပြည် ရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားရန်နှင့် အားကစားရုံ ရေရှည်တည်တံ့စေရေး ထိန်းသိမ်း ဆောင်ရွက်သွားရန် မှာကြား၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ကျွန်းမြို့နယ် မော်ရွှေဝါ အားကစားခန်းမ၊ စားပွဲတင်တင်းနစ် လေ့ကျင့်ရေးစခန်း (မော်ကျွန်းကလပ်)၊ မော်လမြိုင်ကျွန်းမြို့နယ် အားကစားကွင်း၊ အားကစားပြိုင်ပွဲရုံသစ်၊ ဗိုလ်ဗလအားကစားကွင်းနှင့် ဝါးခယ်မမြို့နယ်ရှိ ရွှေခယ်သီရိအားကစားကွင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၌ ပေ ၃၈၀ × ပေ ၁၄၀ အဆင့်မြင့် ရေကူးကန် ပွဲကြည့်စင်ပါ မိုးလုံလေလုံ Indoor Stadium တည်ဆောက်နေမှုနှင့် ပုသိမ်မြို့နယ် ကျောက်တိုင်အားကစား ပြိုင်ကွင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်