နေပြည်တော် ဩဂုတ် ၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ AFC Women's Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ်အသင်းများ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ISPE (FC) ဘောလုံး(အမျိုးသမီး)အသင်း၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများနှင့်တွေ့ဆုံ၍ ပြိုင်ပွဲသွား ရောက်ယှဉ်ပြိုင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည့် အုပ်ချုပ်/ထောက်ပံ့မှု ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ AFC Women's Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ် အသင်းများ ဘောလုံးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက်မှ ၂၁ရက်အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့တွင် ကျင်းပ သွားမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အုပ်ချုပ်/နည်းပြ၊ အားကစား သမားစုစုပေါင်း(၂၉)ဦး သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဩဂုတ် ၁၅ ရက် ဒေသစံတော် ချိန်ညနေ ၆ နာရီတွင် ISPE FC (MYA)အသင်းနှင့် Taichung Blue Whale FC(TPE)အသင်း၊  ဩဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် Champion Of 2022 Season (THA) အသင်းနှင့် ISPE FC(MYA) အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၁)ကြိမ်မြောက်အာဆီယံ မသန်စွမ်း အား ကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်မသန်စွမ်းအားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင် ကစားနေမှုကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြန်မာနိုင်ငံအိုလံပစ် ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးရာ ရေကူးအားကစားနည်းမှ မီတာ(၁၀၀) Breaststrok (ဖားကူး) ပြိုင်ပွဲတွင် မောင်နန္ဒစိုးမင်းက ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ ပြေးခုန်ပစ် အားကစားနည်း (အမျိုးသား) သံပြားဝိုင်းပစ်(F44)ပြိုင်ပွဲအမျိုးအစားတွင် မောင်ဇော်မင်းလွင်က ငွေတံဆိပ်ဆုနှင့် (F42/63)ပြိုင်ပွဲအမျိုး အစားတွင် မောင်အောင်ထွန်းလင်းက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ မြားပစ်အားကစားနည်းမှ Compound (အမျိုးသမီး)ပြိုင်ပွဲတွင် မစိန်ဖော့က ကြေးတံဆိပ်ဆုကိုလည်းကောင်း နိုင်ငံတော် အတွက် ဆုတံဆိပ်များ ထပ်မံဆွတ်ခူးရယူပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အစည်းအဝေးခန်းမ၌ ဩဂုတ် ၄ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ Online စနစ်ဖြင့် ကျင်းပမည့်  အာဆီယံလူငယ်စကားဝိုင်း ၂၀၂၂ ခုနှစ်(ASEAN Youth Debate 2022)သို့ မြန်မာနိုင်ငံ ကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်ကိုယ်စားလှယ်များ၏ ပထမပတ်လည်ပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ အာဆီယံလူငယ်စကားဝိုင်း ၂၀၂၂ခုနှစ် (ASEAN Youth Debate 2022)တွင် မြန်မာ နိုင်ငံကိုယ်စားပြုအသင်းအနေဖြင့် (အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)တို့မှ  လူငယ်ကိုယ်စားလှယ်(၁၉)ဦးတို့သည် ပထမပတ်လည် ပြိုင်ပွဲ ပွဲစဉ် များကို အသင်း(၃)သင်းဖြင့် ဩဂုတ် ၅ ရက်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။ 

(သတင်းစဉ်)

mdn