ရန်ကုန် နိုဝင်ဘာ ၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး (၄)ထပ် အားကစားသမား အိပ်ဆောင်နှင့် အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်း တည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစား လေ့ကျင့်ရေးစခန်း ဖွင့်လှစ်နိုင်မည့် အခြေအနေများနှင့် အားကစားသမားများထားရှိမည့် အိပ်ဆောင်၊ လေ့ကျင့်နိုင်မှု အခြေအနေ၊ ထမင်းစားဆောင်နှင့် မီးဖိုဆောင်သစ် တည်ဆောက်နိုင်ရေး အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပရိသတ် (၁၂၀၀)ဆံ့ အရှေ့ဘက်ပွဲကြည့်စင် တည်ဆောက်ပြီးစီးမှု၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ပဒေသာအားကစားကွင်း အတွင်းရှိ အားကစားရုံကြမ်းခင်း ပြုပြင်ပြီးစီးမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်း အားကစားပြိုင်ပွဲများ စနစ်တကျ ကျင်းပနိုင်ရေး၊ ရန်ကုန်တိုင်း အား ကစားအသင်းများ စခန်းသွင်းလေ့ကျင့်နိုင်ရေး၊ ပဒေသာ အားကစားကွင်းပြေးလမ်း ရေရှည် တည်တံ့ အသုံးပြုနိုင်ရေး၊ ဘောလုံးကွင်းကောင်းမွန်စေရေး၊ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် အားကစားလေ့ကျင့်ရေးစခန်း အောင်မြင်စွာ စည်းကမ်းတကျ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြားခဲ့ပြီးနောက် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


