ရန်ကုန် နိုဝင်ဘာ၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၃နာရီခွဲ တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အောင်ဆန်းအားကစားပြိုင်ဝင်း၏ လက်ရှိ အခြေအနေကို ရှင်းလင်းပြသသည်။
ယင်းနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အောင်ဆန်း အားကစားပြိုင်ဝင်း၏ သမိုင်းကြောင်းအကျဉ်း၊ လက်ရှိအခြေအနေနှင့် အသစ်ပြုပြင် တည်ဆောက်ရန်အတွက် လျာထားချက်များ၊ တရုတ်နိုင်ငံမှ ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအဖွဲ့နှင့် ပေါင်းစပ်ဆောင် ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အောင်ဆန်းအားကစားပြိုင်ဝင်း အသစ်ပြန်လည်တည်ဆောက်ရန် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ အကောင်းဆုံးဆောင်ရွက်သွားနိုင်မည်ဟုယုံ ကြည်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတည်ဆောက်ထားသည့် အောင်ဆန်းအားကစား ပြိုင်ဝင်းကို နိုင်ငံတကာအဆင့်မီ အားကစားကွင်းအဖြစ် ပြန်လည်တည်ဆောက်သွားလိုကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong က တရုတ်-မြန်မာ (၂)နိုင်ငံသည် အလွန်ချစ်ခင်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်နိုင်ငံများ ဖြစ်သည့်အတွက် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အမျိုးသား ရေကူးကန်သို့သွားရောက်၍ အမျိုးသားရေကူးကန်နှင့် ပရိသတ် (၄၀၅)ဦး ဝင်ဆံ့သည့် RC(2) နှစ်ထပ် ပွဲကြည့်စင်အသစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)


