နေပြည်တော် ၂၂ မေ 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။  

ရှေဦးစွာ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကိုက ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး နေပြည်တော်ကောင်စီနယ်မြေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် ၄ လကျော်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်နှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ဌာန၏မျှော်မှန်းချက် (Vision), လုပ်ငန်းတာဝန်(Mission) ၄ ရပ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ၃ ရပ်ကိုလည်း ချမှတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။ 

ပထမ ၃ လတာကာလတွင် အသွင်သဏ္ဌာန်ပြုပြင်ပြောင်းလဲရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ပြီး ဒုတိယ ၃ လတာကာလတွင် ဆက်လက်ဆောင်ရွက်မည့် အနှစ်သာရပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြလမ်းညွှန်မှုခံယူခဲ့ပြီး ဖြစ်ပါကြောင်း။ 

၂၀၁၉ ခုနှစ် မေ ၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၉/၂၀၁၉) ဆုံးဖြတ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ပြင်ဆင်ဖွဲ့စည်းထားသည့် ဝန်ကြီးရုံးဖွဲ့စည်းပုံကိုလည်း အတည်ပြုခွင့်ပြုချက်ရရှိပြီး ဖြစ်ပါကြောင်း၊ ဝန်ကြီးရုံးအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit) (CPU) ဖွဲ့စည်းရန်နှင့် ကာကွယ်တားဆီးရေးစီမံချက် ရေးဆွဲဆောင်ရွက်သွားရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။ 

မိမိတို့အနေဖြင့် ဝန်ကြီးဌာနအဆင့် Regulatory Review Unit ကို ဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ၂ ဦး၊ ဝန်ကြီးရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဝန်ထမ်းလက်စွဲများ၊ ဝန်ထမ်းကျင့်ဝတ်များ ပြန်လည်ရေးဆွဲရန်နှင့် ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ပြင်ဆင် နိုင်ရန်အတွက်လည်း ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း။ 

ထို့အတူ အတည်ပြုပြင်ဆင်ပြီးဖြစ်သည့် ဝန်ကြီးဌာနဖွဲ့စည်းပုံအရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (Institute of Development Administration-IDA)ကိုလည်း ဖွဲ့စည်းပုံတိုးချဲ့ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါသင်တန်းကျောင်းကို အဆင့်မြှင့်တင်ရန် သင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲရန်၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုနှင့် ချိတ်ဆက်ပြီး အုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်သွားနိုင်ရန်အတွက်လည်း ဝန်ကြီးဌာန အကြံပေးအဖွဲ့၏ အကြံဉာဏ်များနှင့်အတူ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ 

မိမိတို့ ထွေအုပ်ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေးစသည့် လူသားအရင်းအမြစ်များကို စီမံခန့်ခွဲသည့်စနစ်ကိုလည်း ပွင့်လင်းမြင်သာပြီး စနစ်တကျရှိစေရန်နှင့် မျှမျှတတဖြစ်စေရန်အတွက် မူဝါဒရေးဆွဲဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိပါကြောင်း။ 

ယနေ့တွေ့ဆုံပွဲတွင် မိမိအနေဖြင့် အထူးမှာကြားလိုသည့် အချက်နှစ်ချက်ရှိပါကြောင်း၊ ပထမအချက်သည် မိမိတို့နိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၊ ကြားဖြတ်ရွေးကောက်ပွဲများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနများက မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်အတူ ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအနေဖြင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်၊ မဲစာရင်းများ မှန်ကန်တိကျရန် လိုအပ်မည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုဝန်ထမ်းများအနေဖြင့် အသက် ၁၈ နှစ်နှင့်အထက်ရှိ လူဦးရေစာရင်းများ၊ အိမ်ထောင်စုစာရင်းများကို လက်ရှိအခြေအနေနှင့် မှန်ကန်ကိုက်ညီအောင် ပြုစုထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။ 

သို့မှသာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် မဲစာရင်းများ ကြိုတင်ပြုစုရန် လိုအပ်လာသည့်အခါတွင် မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပြုစုထားသည့် စာရင်းများကို အခြေခံပြီး မှန်ကန်ပြည့်စုံသည့် မဲစာရင်းကို ပြုစုနိုင်မည် ဖြစ်ပါကြောင်း။ 

ဒုတိယအချက်အနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှုအရ ဗဟိုကော်မတီ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ အစရှိသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဝန်ထမ်းဖွဲ့စည်းပုံခိုင်မာမှုရှိသည့် မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အဓိကတာဝန်ပေးထားပြီး ဖြစ်ပါကြောင်း။

နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ်အုပ်ချုပ် ရေးမှူးများကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မြေ/စစ်ကော်မတီ အတွင်းရေးမှူးများအဖြစ် လည်းကောင်း၊ ခရိုင်မြေ/စစ်ကော်မတီများတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယအုပ်ချုပ်ရေးမှူးများကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအဖြစ် လည်းကောင်း၊ မြို့နယ်မြေ/စစ်ကော်မတီများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယအုပ်ချုပ်ရေးမှူးများကို ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အဖြစ်လည်းကောင်း တာဝန်ပေးအပ်ထားသည့်အတွက် မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဌာန၏ မူလလုပ်ငန်း တာဝန်များအပြင် နိုင်ငံတော်နှင့် မြေ/စစ်ဗဟိုကော်မတီက ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကိုလည်း ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ မြေစီမံခန့်ခွဲမှုဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း။

မြေ/စစ်ဗဟိုကော်မတီက ပေးပို့သည့်စာရင်းအရ နေပြည်တော်မြေ/စစ် ကော်မတီအနေဖြင့် တိုင်ကြားစာအမှုတွဲ (၃၅၄)တွဲအနက် မြေ/စစ်ဗဟိုသို့ တင်ပြပြီးအမှုတွဲ (၂၅၅)တွဲ၊ ဆောင်ရွက်ဆဲအမှုတွဲ (၁၀၉)တွဲနှင့် ပိတ်သိမ်းအမှုတွဲ (၂၀ဝ) တွဲဖြစ်သည့်အတွက် ပြီးစီးမှု ( ၇၀ ဒသမ ဝ၅ ) ရာခိုင်နှုန်း ရှိသည်ကို တွေ့ရပါကြောင်း၊ လက်ကျန်အမှုတွဲများကိုလည်း အမြန်ဆုံး မှန်ကန်ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးသွားရန်ကိုလည်း မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်း၊ ထို့အတူ စွန့်လွှတ်မြေများကို ပြန်လည်လွှဲပြောင်းပေးအပ်ရန် ကျန်နေသည့် အမှုတွဲ ၂ တွဲကိုလည်း အမြန်ဆုံး လက်ရောက်ပေးအပ်နိုင်အောင် ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် နိုင်ငံတော်၏ အဓိကကျသည့် အုပ်ချုပ်ရေးကျောရိုးမဏ္ဍိုင်ကြီး ဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြုသည့် အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စံနမူနာပြ ဆောင်ရွက်ပေးကြရန်၊ ကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းစင်အောင် စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာတည်ဆောက်ကြရန်၊ ပြည်သူနှင့် တွေ့ဆုံရန်၊ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးကြရန်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကိုလိုက်နာပြီး ပြည်သူ့အပေါ် ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်အောင်၊ ပိုမိုထိရောက်အောင် လုပ်နည်းလုပ်ဟန်များကို ကောင်းမွန်စွာ ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းပါကြောင်း ပြောကြားသည်။ 

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်