နေပြည်တော် ၄ စက်တင်ဘာ 

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ယနေ့ နံနက် ၉ နာရီက နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များအား  တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီး က  ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန် ကန်မှုရှိစေရေး ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို တိကျလိုက်နာ ဆောင်ရွက်သွားရန် မှာကြားသည်။

 

တွေ့ဆုံပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးစိုးတင့်သိမ်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်မြသန္တာဌေး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းမင်းတို့ တက်ရောက်ကြသည်။

 

တပ်ကုန်းမြို့နယ်တွင် ပထမအကြိမ်မဲစာရင်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်အထိ ကြေညာထားရှိခဲ့ရာ ပုံစံ(၃)ဖြင့် လျှောက်ထားသူပေါင်း (၂၉၃၉) ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်ထား သူ ပေါင်း (၁၃၂၅) ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ခွင့်တင်ပြသူ ပေါင်း (၁၃၁၃)ဦး ရှိကြောင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ပေါင်း (၅၅) အုပ်စု၊ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း တစ်သိန်းခုနှစ်သောင်း ကျော်ရှိပြီး၊ မဲရုံပေါင်း (၁၃၅) ရုံ ဖြင့် လျာထားဆောင်ရွက်မည်ဖြစ်ကြောင်း  သိရသည်။

 

တင်စိုးလွင်