နေပြည်‌တော် ဇွန် ၁၁

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဓာတ်အားကွပ်ကဲရေးဌာန (ရန်ကုန်)တို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူ များက ၅၀၀ ကေဗွီ ဘုရားကြီး- လှိုင်သာယာဓာတ်အားလိုင်း၊ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်းနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထားပြီး အဆိုပါအချိန်ဇယား များအတိုင်း သတ်မှတ်ချိန် ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်၍ အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများ နှင့် Shunt Reactor တပ်ဆင်နေမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

 ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးသွားပါက ၅၀၀ ကေ‌ဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်သည်။ ယခုအခါ ၅၀၀ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီဗို့အားနှင့် ပို့လွှတ်နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်အတွင်း ဓာတ်အား စတင်ပို့လွှတ်နိုင်မည်ဖြစ်ပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ များတည်ဆောက်ခြင်း အပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဓာတ်အားကွပ်ကဲရေးဌာန(ရန်ကုန်)သို့ရောက်ရှိပြီး ဓာတ်အားချိတ် ဆက်ကွပ်ကဲပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ယခုအချိန်တွင် ပြည်သူများနှင့် စက်မှုဇုန်များသို့ သတ်မှတ်အချိန်ဇယားအတိုင်း ဖြန့်ဖြူးပေးလျက်ရှိသည့်အတွက် အချိန်ဇယားအတိုင်း  စနစ်တကျခွဲဝေပေးပို့သွားရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် Frequency Load Shed နှင့် Plan Load Shed များပြုလုပ်၍ မီးဖြတ်တောက်ရ သည့်အခါ ပြည်သူများသို့ မီး(၂)ကြိမ် ဖြတ်တောက်ရခြင်းမျိုးမဖြစ်အောင် စနစ်တကျကြပ်မတ် ထိန်းသိမ်း ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)