နေပြည်တော်၊ အောက်တိုဘာ ၉

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် အလုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဓာတ်အားပေးစက်ရုံ ဆိုင်ရာချက်အလက်များ၊ ဓာတ်အားပေး စက်ရုံများ၏ နှစ်အလိုက် ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်ငွေ့ရရှိသုံးစွဲမှု၊ ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက အလုံပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုဆိုင်ရာ အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

mdn

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက စက်ရုံများသည် Build Operate Transfer (BOT) စနစ်နှင့် Build Operate Own (BOO) စနစ်တို့ဖြင့်  ဆောင်ရွက်နေသော စက်ရုံများဖြစ်သည့်အလျောက် လွှဲပြောင်းချိန်တွင် ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်မှစတင်၍ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် စက်များစွမ်းအားပြည့် လည်ပတ်ချိန် ကာလရောက်ရှိမှ ပြင်ဆင်ရခြင်း မျိုးမရှိရအောင် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများကိုလည်း အသင့်ကြိုတင် စုဆောင်းထားရှိရန် လိုအပ်ကြောင်း၊ သို့မှသာ ချို့ယွင်းမှုဖြစ် ပေါ်ပါက အချိန်နှင့်တပြေးညီ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် အသစ်မတည်ဆောက်နိုင်မီ ကာလတွင် ရှိပြီးသားစက်ရုံများကို ပျက်စီးမှု မရှိစေရေးစနစ်တကျ ထိန်းသိမ်းပြုပြင် မောင်းနှင်နေရန် လိုအပ်ပါကြောင်းမှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အား ထိန်းချုပ်ခန်းများအတွင်း နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်မှုအခြေအနေ ၊ Maxpower (Thaketa) Co.,Ltd၊  U Energy Tharkayta Power Co.,Ltd ၊  Myanmar Ahlone Power Plant Co.,Ltd နှင့် Toyo Thai Power Myanmar Co.,Ltd  တို့၏ ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှုအခြေအနေ၊ TTCL Power Myanmar Co.,Ltd ၏ 380 MW (Gross) Class Combined Cycle Power Plant တည် ဆောက်မည့် မြေနေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်လင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်