မြစ်ကြီးနား ဇန်နဝါရီ ၁၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ လျှပ်စစ်ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဓာတ်အား လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ထုတ်လုပ်ရရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်ရရှိသော လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူများထံသို့ ပိုမိုတိုးတက် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ တိုးတက်ကောင်းမွန်အောင် ဟန်ချက်ညီညီ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။
ဝန်ထမ်းများအနေဖြင့်လည်း ဓာတ်အား ပြည့်ပြည့်ဝဝ ဖြန့်ဖြူးပေးနိုင်ရေးကို အလေးထား ဆောင်ရွက်ရေး၊ နိုင်ငံတော်ဘဏ္ဍာ အလေအလွင့် မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် ဓာတ်အားပျောက်ဆုံးလျော့နည်းမှု မရှိစေရေး၊ ဓာတ်အားခကြွေးကျန်များ အလေအလွင့်မရှိစေရေးနှင့် အပြည့်အဝကောက်ခံရရှိနိုင်ရေးကို အလေးထား ဆောင်ရွက်သွားရေး၊ လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်မှု မရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ ဓာတ်အား ဖြန့်ဖြူးပေးထားသော ထရန်စဖော်မာများတွင် ဝင်းခြံများ စနစ်တကျ ဆောင်ရွက်ထားရေး၊ မီတာများ ခွင့်ပြုမိန့်ချထားရာတွင်လည်း ဌာနမှ သတ်မှတ်ထားသော နှုန်းထားအတိုင်းသာ ကောက်ခံသွားရေး၊ ထို့အပြင် တရားမဝင် ဓာတ်အားသုံးစွဲမှုများ မရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေး ဖော်ထုတ်အရေးယူသွားရေး၊ အထူးသဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကြပ်မတ် စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက် မှုလျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု၊ ဓာတ်အားခ ကောက်ခံရရှိမှု၊ ဓာတ်အားခကြွေးကျန် လျော့နည်းစေရေးနှင့် နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်ဝန်ထမ်းများ တွဲဖက်တာဝန်ချပေးထားမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြား ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ လက်ဆောင်ပစ္စည်းများနှင့် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


