နေပြည်တော် ဇန်နဝါရီ ၃၁ 
                
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းဗဟိုဌာန (၁)သို့ သွားရောက်ပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး၊ ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရန်မီးစက်များ နေရာချထားဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားကျင်းပနေစဉ်ကာလအတွင်း ဖြန့်ခွဲထားရှိသည့် နေရာများအတိုင်း တာဝန်များကို အသေးစိတ်ချထားတာဝန်ပေးအပ်ထားရန်လိုအပ်ပါကြောင်း၊ အခမ်းအနား ကျင်းပစဉ် အများဆုံး သုံးစွဲနိုင်မည့် ဝန်အားများအတိုင်း စမ်းသပ်မောင်းနှင်ထားရန် လိုအပ်ပါကြောင်း၊  အရန်မီးစက်များ၊ UPS များလည်း ချထားပြီးဖြစ်ပါသဖြင့် သွယ်တန်းထားရှိသည့် ဓာတ်အားလို င်းများကို မတော်တဆထိခိုက်ပြတ်တောက်မှု မဖြစ်စေရေး လိုင်းများအား စစ်ဆေးထား၍ သန့်ရှင်းသပ်ရပ်စွာထားရှိရန် လိုအပ်ပါကြောင်း၊ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးမည့် ဓာတ်အားလိုင်း လမ်းတစ်လျှောက်နှင့် ခွဲရုံများတွင်လည်း တာဝန်များအပိုင်းလိုက်ချထားရန် လိုအပ်ပါကြောင်း၊  အရန်မီးစက်များ ထားရှိသည့်နေရာဝန်းကျင်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မီးကြိုးများ ဆက်သွယ်အသုံးပြုရာ၌ စနစ်တကျဆက်သွယ်အသုံးပြုရေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်