နေပြည်တော် ဒီဇင်ဘာ ၁၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများက တပ်ကုန်းမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ် ငွေကောက်ခံနေမှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးဆောင်ရွက်ထားမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဗို့အားပြည့်ဝတည်ငြိမ်ပြီး အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ်တည်ငြိမ် တိုးတက် ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများကို စနစ်တကျစစ်ဆေးဆောင်ရွက်ရန်၊ ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန်၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံး ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန် မှာကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၃၃/၁၁ ကေဗွီ ငွေတောင်ဓာတ်အားခွဲရုံမှ တပ်ကုန်းမြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လက်ဝှေ့အားကစား ပြိုင်ပွဲရုံ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပိုက်ကျော်ခြင်း(အမျိုးသား) အားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုရရှိသည့်အသင်းများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်