နေပြည်တော် အောက်တိုဘာ ၁၁

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဉာဏ်ထွန်း ဉီးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဓာတ်အား စနစ်ထိန်းချုပ်မောင်းနှင်ရေးဌာန (Russian Power System Operator) သို့ သွားရောက်လေ့လာသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဓာတ်အားစနစ်ထိန်းချုပ်မောင်းနှင်ရေးဌာန (Russian Power System Operator)သို့ ရောက်ရှိပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏  ဓာတ်အားစနစ်ထိန်းချုပ်မောင်းနှင်မှု အခြေအနေကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြသည်။

 

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပြီး ဓာတ်အားပေးစက်ရုံ ၉၉၁ ရုံနှင့် တပ်ဆင်အင်အား စုစုပေါင်း ၂၄၆၅၀၀ မဂ္ဂါဝပ် ရှိပါကြောင်း၊ ရုရှားတွင် နိုင်ငံအများအပြားကို လွှမ်းခြုံထားသည့် လျှပ်စစ်ဓာတ်အားလိုင်းစနစ် (single synchronous electrical grid) တစ်ခုရှိပြီး ၁၁၀ မှ ၇၅၀ ကီလိုဗို့ရှိ ဓာတ်အားလိုင်းအရှည် စုစုပေါင်း ၄၉၀၀၀၀ ကီလိုမီတာ (မိုင်ပေါင်း သိန်း ကျော်)နှင့် ဓာတ်အားခွဲရုံ စုစုပေါင်း ၁၀၀၀၀ ကျော်ကို ထိန်းသိမ်းမောင်း နှင်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင်လည်း အပူစွမ်းအင်(သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေး) (၆၀ဒသမရာနှုန်း) ရေအားလျှပ်စစ် (၁၈ ဒသမ ရာနှုန်း) နျူကလီးယား (၂၀ရာနှုန်း) အခြား လေနှင့် နေရောင်ခြည်သုံးတို့မှ (ဒသမ ရာနှုန်း)တို့ကို အခြေခံထား လည်ပတ် မောင်းနှင်လျက်ရှိပြီး အဓိက အခြေခံထုတ်လုပ်မှုအဖြစ် (Base Load) မှာ နျူကလီးယား ( ၂၀ ရာနှုန်း)နှင့် ရေအားလျှပ်စစ် (၁၈ ဒသမ ရာနှုန်း)ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်လိုအပ်သည့် ဓာတ်အားများကို နာရီစဉ်အလိုက် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးဖြင့် မောင်းနှင်ဆောင်ရွက်နေကြောင်းနှင့် ရုရှားနိုင်ငံတွင် အနှံ့အပြား နေရာ ၁၀ ခုမှ နျူကလီးယား ဓာတ်ပေါင်းဖို ၃၁ ခုသည် တပ်ဆင်စွမ်းရည် ၂၁၀၀၀ မဂ္ဂါဝပ်ဖြင့် လည်ပတ်နေကြောင်း သိရသည်။

 

ယင်းနောက် စက်ရုံအစည်းအဝေးခန်းမတွင် ဈေးကွက်အုပ်ချုပ်မှု ဒါရိုက်တာ Mr. Katave Andley Mihilovich နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာဖြင့် လျှစ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုပါကြောင်းနှင့် မိမိတို့ အပေါ်တွင် အလေးအနက်ထား၍ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရသဖြင့် အထူးဝမ်းမြောက်မိပါကြောင်း ပြောကြားပြီး ဓာတ်အားစနစ်ထိန်းသိမ်းမောင်နှင်မှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)