နေပြည်တော် စက်တင်ဘာ ၃၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၏ အနောက်ဘက်(၇)မိုင်ခန့်အကွာရှိ ဖြူးချောင်း ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံများအနေဖြင့် အသစ်တည်ဆောက်ခြင်းများ မပြုလုပ်နိုင်မီ ကာလတွင်ရှိပြီး စက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းမောင်းနှင်သွားရန် လိုအပ်ပါကြောင်း၊ ပုံမှန် လည်ပတ်ထုတ်လုပ်နိုင်ရန်အတွက် စက်များ၏ကြံ့ခိုင်ရေးကိုလည်း စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စက်ရုံများ၌ အရေးပေါ်လိုအပ်ချိန်တွင် အစားထိုးတပ်ဆင်နိုင်ရန် ထရန်စဖော်မာ များကို အရန်အဖြစ် ထားရှိသွားရန်လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှုနှင့် တာဘိုင်စက်ခန်းအတွင်း ဓာတ်အားပေးစက်များ မောင်းနှင်နေမှု၊ Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိ ဖြန့်ဖြူးပေးနေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲနှင့် ပင်မတမံကြံ့ခိုင်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားသည်။
အဆိုပါ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပဲခူတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်ဘက်(၇) မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်ထားပြီး စက်တပ်ဆင်အင်အား (၂၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်(၂) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား(၄၀)မဂ္ဂါဝပ်မှ တစ်နှစ်လျင် ပျှမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၁၂၀ ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်လျက်ရှိသော ဓာတ်အားပေးစက်ရုံ တစ်ရုံဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)