နေပြည်တော် မတ် ၂၉
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြ န့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းတို့၏ ပစ္စည်းသိုလှောင်ရေး စတိုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို အလုံပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာဌာနအလိုက် စတိုတာဝန်ခံများက ပစ္စည်းများ သိုလှောင်၊ ထိန်းသိမ်း၊ ထုတ်ပေး၊ လက်ကျန် အခြေအနေနှင့် စာရင်းဇယားများ ပြုစုထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စတိုများတွင် တာဝန်ကျဝန်ထမ်းများအနေဖြင့် စတိုအတွင်း လေဝင်လေထွက် ကောင်းမွန်စေရေး အပတ်စဉ် တာဝန်များသတ်မှတ်၍ ဖွင့်/ပိတ် လုပ်ခြင်းများ ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ စတိုတွင်း ပစ္စည်းများထားသိုမှုများကို သတ်မှတ်ထားမှုအတိုင်း စနစ်တကျမှတ်တမ်း ရေးသွင်း ထားရှိရန်နှင့် စာရင်းရေးသွင်းမှု အမြဲတမ်း Update ဖြစ်နေရန် လိုအပ်ပါကြောင်းမှာကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပစ္စည်းသိုလှောင်ထိန်းသိမ်းထားရှိသည့် စတိုများအတွင်း ထိန်းသိမ်းထားရှိသည့် လုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်း အဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ အနေဖြင့် ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအပေါ် အမြဲသုံးသပ်၍ ကြီးကြပ်ဆောင်ရွက်နေရန် လိုအပ်ပြီး ခရိုင်လျှပ်စစ် မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများမှ ထပ်ဆင့်စစ်ဆေးကြပ်မတ်နေရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက် နေသကဲ့သို့ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကိုလည်း ပြည်သူသို့ သတ်မှတ်ချိန်များအတိုင်း စနစ်တကျဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများကို ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သိရှိထားသင့်သည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ ဓာတ်အားစနစ်ကာကွယ်ရေးနှင့် လျှပ်စစ်စမ်းသပ်ရေးဌာနခွဲသို့ ရောက်ရှိပြီး AMI မီတာများကို စက်ရုံမှထုတ်လုပ်ပြီး ပြည်သူလူထုသုံးစွဲ နိုင်ရန် အဆင့်ဆင့်စမ်းသပ်စစ်ဆေးခြင်းပြုလုပ်သည့် လုပ်ငန်းစဉ် များဖြစ်သော မီတာအသစ်များ လက်ခံခြင်း၊ မီတာဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခြင်း၊ အဖွဲ့ပိုင်နံပါတ် ရိုက်နှိပ်ခြင်း၊ မီတာစမ်းသပ်ခုံ တွင် စမ်းသပ်စစ်ဆေးခြင်း၊ ဆီးလ်ခတ် ခြင်း၊ Bar Code Scan ဖတ် စာရင်းသွင်းခြင်း၊ မီတာများ ပြန်လည်ထုတ်ပိုးခြင်း၊ စစ်ဆေးပြီး မီတာများအား Print ထုတ်ခြင်း၊ သက်ဆိုင်ရာ ပြန်လည်ထုတ်ပေးခြင်းနှင့် မီတာစမ်းသပ်စစ်ဆေးခများ တောင်းခံခြင်း ဆောင်ရွက်မှုအဆင့်ဆင့်နှင့် ရပ်၊ ပျက်၊ နှေး မီတာများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရန်အတွက် သတ်မှတ်ထားသည့် တစ်ရက် မီတာအလုံးရေ (၂၅၀၀) ထွက်ရှိရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသုံးပြုရန် လိုအပ်သော မီတာများအား မှန်ကန်စွာ တပ်ဆင်အသုံးပြုနိုင်ရေး စမ်းသပ်စစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးရန်နှင့် စမ်းသပ်စစ်ဆေး ဆောင်ရွက်ရာတွင်လည်း မီတာများ၏ သတ်မှတ်အရည်အသွေးနှင့် လုံခြုံမှုရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
(သတင်းစဉ်)