နေပြည်တော် နိုဝင်ဘာ  ၁၉     

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဌာန အကြီးအကဲ မစ္စတာ ကျန်းကျင့်ဟွား၏ ဖိတ်ကြားချက်အရ (၆) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ် တက်ရောက်ရန်နှင့် လေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှုများကို လေ့လာနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှန်းကျန်းမြို့နှင့် ကူမင်းမြို့တို့သို့ သွားရောက်ခဲ့သည်။

 

အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်တွင် တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် ကွမ်တုံးပြည်နယ် ရှန်ကျန်းမြို့ မြူနီစပယ်အစိုးရတို့မှ ကြီးမှူး ကျင်းပသော (၆) ကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ်သို့ တက်ရောက်သည်။

 

ယင်းဖိုရမ်တွင် တရုတ်အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဌာန အကြီးအကဲ မစ္စတာ ကျန်းကျင့်ဟွား၊ ဂွမ်တုံးပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာကျန်းဟူ၊ ရှန်းကျန်းမြို့ တော်ဝန် မစ္စတာချင်ဝေကျုံး၊ တရုတ်နိုင်ငံတောင်ပိုင်း လျှပ်စစ် ဓာတ်အားကွန်ရက်ဥက္ကဋ္ဌ မစ္စတာမုန့်ကျန်းပင်နှင့် အာရှ-ပစိဖိတ်ဒေသနိုင်ငံများမှ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာအဖွဲ့ အစည်း အကြီးအကဲများက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် (၆)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာ ဖိုရမ်၏ ရည်ရွယ်ချက်မှာ “စွမ်းအင်ဈေးကွက် တည်ထောင်ခြင်းနှင့် အစိမ်းရောင်စီးပွားရေးသို့ ကူးပြောင်းခြင်း”ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိလူများ မရှိမဖြစ်သုံးစွဲနေရသည့် စွမ်းအင် အမျိုးမျိုးကို ထိရောက်အကျိုးရှိသည့် သုံးစွဲမှုဖြစ်စေရန် ခေတ်မီ ဒီဂျစ်တယ်နည်းပညာဖြင့် စွမ်းအင်ထိန်းချုပ်မှုများ၊ စွမ်းအင် ဈေးကွက်တည်ထောင်ထားပြီး ထိန်းကျောင်းကြီးကြပ်မှု ပြုလုပ်နေသော နိုင်ငံများ၏ အစိမ်းရောင်စွမ်းအင် ကူးပြောင်းရေး ဆောင်ရွက်နေမှုများ၊ သန့်ရှင်းသောစွမ်းအင်သုံးစွဲရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် အမြင်ချင်း ဖလှယ်ဆွေးနွေးပြီး လက်ရှိကမ္ဘာ့နိုင်ငံတိုင်း ကြုံတွေ့နေရသည့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်ရာ၌ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရရှိကြမည်ဟု ယုံကြည်ကြောင်း။

 

အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် ၂၀၂၅ ခုနှစ်၌ ပြန်ပြည့်မြဲစွမ်းအင်ကို ပင်မစွမ်းအင်အရင်းအမြစ်အတွက် ၂၃ ရာခိုင်နှုန်းနှင့် ဓာတ်အားထုတ်လုပ်မှုအတွက် တပ်ဆင်စက် အင်အား၏ ၃၅ ရာခိုင်နှုန်း ပါဝင်ရရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ကြမည်ဟု အဖွဲ့ဝင်နိုင်ငံများက သဘောတူထားသော်လည်း ရည်မှန်းချက် ပြည့်မီရန် စိန်ခေါ်မှု အချို့ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၌  စုစုပေါင်း တပ်ဆင်စက်အင် အားမှာ ၇၃၂၉ မဂ္ဂါဝပ်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စွမ်းအင်အမျိုးအစား ပါဝင်မှု မှာ ရေအားလျှပ်စစ်မှ ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၅၀ ရာခိုင်နှုန်း ၊ ကျောက်မီးသွေးမှ ၂ ရာခိုင်နှုန်း၊ ဆိုလာမှ ၂ ရာခိုင်နှုန်းနှင့် ဒီဇယ်မှ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း။

 

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် NDC အရ ရည်မှန်းချက်ကို ပြည့်မီစေရန် စိန်ခေါ်မှုများနှင့် အတားအဆီး အချို့ရှိပါ ကြောင်း၊ စွမ်းအင်စီမံခန့်ခွဲမှုအတွက် ထိရောက်သော လုပ်ငန်းစဉ်များဖြင့် နိုင်ငံသားအားလုံး ကောင်းမွန်သော အလုပ် အကိုင်များရရှိရေး၊ လူနေမှု အဆင့်အတန်း မြင့်မားလာစေရေးကို လျှပ်စစ်ကားများသုံးစွဲခြင်းနှင့် Smart Grid များ ဖြန့်ကျက်ခြင်းဖြင့် မြို့ပြဖွံ့ဖြိုးရန် ဆောင်ရွက်နေပါကြောင်း၊ အာရှ-ပစိဖိတ် ဒေသတွင်း “စွမ်းအင်ဈေးကွက် တည်ထောင်ခြင်းနှင့် အစိမ်းရောင် စွမ်းအင်အသုံးပြုမှု ကူးပြောင်းခြင်း”ကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသား စွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ (National Energy Administration- NEA)ဥက္ကဋ္ဌ မစ္စတာကျန်းကျင့်ဟွားနှင့် အဖွဲ့အားတွေ့ဆုံပြီး လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားနိုင် ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်တွင် ရှန်ကျန်းမြို့ Huawei Digital Power Edison Exhibition Hall နှင့် Optical Storage and Charging & Vehicle -Grid Interaction EV ကားများ အားသွင်းရာနေရာသို့ လည်းကောင်း၊  နိုဝင်ဘာ ၁၈ ရက်တွင် ယူနန်ပြည်နယ်၊ ချီကျင့်မြို့ရှိ State Power Investment Corporation မှတည်ဆောက်ထားသော တပ်ဆင်အား(၈၀၀) မဂ္ဂါဝပ်ရှိသည့် ဖူးရန်းရှီး (Fuyuanxi) လေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံသို့လည်းကောင်း သွားရောက်ကြည့်ရှုလေ့လာကြသည်။

 

ခရီးစဉ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင် ကုမ္ပဏီများ ဖြစ်သည့် China Southern Power Grid Datang United Hydropower Development Co.,LtdState Power Investment Corporation ၊ Yunnan Energy Investment Group & Yunnan Machinery and Equipment Import and Export Co.,Ltd နှင့် Huaneng Lancang River Hydropower Co.,Ltd တို့နှင့် သီးခြားစီ တွေ့ဆုံ၍ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပြီး ယနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)