နေပြည်တော် ဩဂုတ် ၁၇

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၁/၂၀၂၂) ညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ ဆောင်၌  ကျင်းပသည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊  ပြည်ထောင်အဆင့် ဗဟိုအဖွဲ့အစည်းများ နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဌာနကြီးမှူးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး‌ ဦးရွှေလေးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ပြည်ထောင်စုမူလငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအရေအတွက် ( ၉၉၄၂ )ခု အနက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များသို့ လွှဲပြောင်းသည့် လုပ်ငန်းအရေအတွက်မှာ (၄၂၉)ခုရှိသည့်အတွက် ဝန်ကြီးဌာနများမှ ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအရေအတွက်မှာ (၉၅၁၃)ခု ဖြစ်ပါကြောင်း။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ အချိန်မီ ပြီးစီးအောင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်သို့ လွှဲပြောင်းပေးသည့်လုပ်ငန်းများ၏ ခန့်မှန်းခြေစာရင်းများ စိစစ်ပြီးပါက တည်ဆောက် ရေးလုပ်ငန်း စိစစ်ရေးကော်မတီသို့ အတည်ပြုချက်ရယူရန် ဘဏ္ဍာရေးနှစ်မကုန်မီ ပေးပို့ရန် လိုအပ်ပါကြောင်း၊ ရေးဆွဲပြီး ခန့်မှန်းခြေစာရင်းများကို သတ်မှတ်ထားသည့် အခွင့်အာဏာအလိုက် သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်မှုဆိုင်ရာ ခွင့်ပြုချက်(Technical Sanction) ချမှတ်ထားရန် ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှု၊ ကျွမ်းကျင်မှုဆိုင်ရာခွင့်ပြုချက်အရ သုံးစွဲငွေနှင့် ခြားနားငွေများကို အတည်ပြု ထုတ်ပြန် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးမှုခံယူရာတွင် ကျွမ်းကျင်မှုဆိုင်ရာ ခွင့်ပြုချက် (Technical Sanction) ရယူထားသည့် ခန့်မှန်းခြေစာရင်းဖြင့် စစ်ဆေးမှုခံယူရန် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် က ကော်မတီအနေဖြင့် ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်က ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ၊ တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ Real Time Audit နှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ အတွင်းရေးမှူး ၊ ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူတို့က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် အသီးသီးအကြံပြု ဆွေးနွေးတင်ပြမှုတို့အပေါ် ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး က  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)