နေပြည်တော် ဩဂုတ် ၂၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ရှိ ပြည်ထောင်စုခန်းမ (ပင်မဆောင်) နှင့် ဆက်စပ်အဆောက်အဦများ ပြုပြင်နေမှုနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ခြံစည်းရိုးကာရံခြင်းနှင့် အဝင်လမ်းသစ် ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုခန်းမရှေ့ အဝင်လမ်းဆောင်ရွက်မည့် နေရာနှင့် လုပ်ငန်းစီမံချက် အခြေအနေတို့ကိုလည်းကောင်း၊ ခြံစည်းရိုးနှင့် ပင်မဂိတ်တံခါး ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေတို့ကိုလည်းကောင်း၊ ပြည်ထောင်စုခန်းမ ပြင်ပဧရိယာတွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပြည်ထောင်စုခန်းမ (ပင်မဆောင်) နှင့်ဆက်စပ် အဆောက်အဦများ ပြင်ဆင်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။

 

mdn

 

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) နှင့် (အနောက်ခြမ်း) ဆက်သွယ်ရာတွင် အရေးပါသည့် တိုက်ကြီး - ဖူးကြီး - ဖောင်ကြီး - ပဲခူးလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့်အတူ ပဲခူးမြို့ရှိ ပညာ့ရိပ်သာအိမ်ရာစီမံကိန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အချိန်မီပြီးစီးရေး တွန်းအားပေး ဆောင်ရွက်ရန်လိုပါကြောင်း၊ လက်ရာသေသပ် ကောင်းမွန်ပြီး အရည်အသွေးပြည့် မီရန် အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး အဆောက်အဦများကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးတက္ကသိုလ်ဝင်းအတွင်း တည်ဆောက်နေသော ပညာ့ရိပ်သာ အိမ်ရာဝန်း စီမံကိန်းတွင် အိပ်ခန်းတစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် တစ်လုံး၊ အိပ်ခန်း နှစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် နှစ်လုံး၊ အိပ်ခန်း သုံးခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် တစ်လုံး စုစုပေါင်း အဆောက်အဦ လေးလုံး၊ အိမ်ခန်းပေါင်း ၁၂၈ ခန်းပါရှိသည်။ ထို့အပြင် Community Center အဆောက်အဦ တစ်လုံး ၊ Gym အဆောက်အဦ တစ်လုံး ပါရှိပြီး တက္ကသိုလ်မှ ဆရာ/ဆရာမနှင့် ဝန်ထမ်း စုစုပေါင်း ၁၂၈ ဦးတို့ နေထိုင်အသုံးပြု နိုင်မည်ဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ပဲခူးမြို့နှင့် အမြန်လမ်းမကြီး မိုင်တိုင် (၃၂/၆ နှင့် ၃၂/၇) ကြား Underpass သို့ ချိတ်ဆက်မည့် အရှည်ရှစ်မိုင်၊ တစ်ဖာလုံ လမ်းသစ်ဖောက်လုပ်မှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လမ်းသစ်ဖြစ်သည့်အတွက် သတ်မှတ်ထားသည့် လမ်းဒီဇိုင်းအတိုင်း စနစ်တကျ ဆောင်ရွက်ရန်၊ ကွန်ကရစ်လမ်း ဖြစ်သည့်အတွက် စတင်ဆောင်ရွက်စဉ်ကပင် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီ အောင်ဆောင်ရွက်ရန်၊ ပွင့်လင်းရာသီအတွင်း လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် တည်ဆောက်ရေးပစ္စည်းများ စုဆောင်းခြင်းများ ကြိုတင်ဆောင်ရွက်ထားရန် မှာကြားပြီး လမ်းအူကြောင်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်