နေပြည်တော် ဇူလိုင် ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၄) မှ ရန်ကုန်-ပဲခူး (၆) လမ်းသွား လမ်းမကြီးနှင့် ချိတ်ဆက်သည့် ညောင်နှစ်ပင်အဝင်လမ်း ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာအနီးရှိ သမိုင်းဝင်အဆောက်အဦဖြစ်သည့် ညောင်နှစ်ပင် အမျိုးသားညီလာခံ ပြည်ထောင်စု ခန်းမကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သမိုင်းဝင် ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝါရင့် ကျွမ်းကျင်အင်ဂျင်နီယာ ပညာရှင်များ၏ အကြံဉာဏ်များ၊ ပြင်ဆင်ထိန်းသိမ်းရေး နည်းပညာများ၊ အထောက်အထား မှတ်တမ်းမှတ်ရာများကိုရယူပြီး မူလလက်ရာမပျက် ပြင်ဆင်ထိန်းသိမ်းထားရန် လိုအပ်ပါကြောင်း၊ ယခု လက်ရှိအဆောက်အဦ၏ Foundation အား မိမိ Quality Control အဖွဲ့ဖြင့် စစ်ဆေးရန် လိုပါကြောင်း ၊ အဆောက်အဦအဝင်လမ်း၊ အထွက်လမ်း ၊ ပတ်လမ်းများအား စနစ်တကျရှိစေရေးအတွက် ဆောင်ရွက်ရန် လိုပါကြောင်း တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုခန်းမကြီး (ပင်မဆောင်)၊ ဆွေးနွေးပွဲ ခန်းမဆောင်များ၊ အနော်ရထာဆောင်၊ ပုဂံဆောင် (A), (B), (M) အဆောင်များ၊ ထမင်းစားဆောင်များ၊ စင်္ကြန်လျှောက်လမ်းများ၊ အဆောက်အဦ ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ် ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်နှစ်ပင် KMIC စက်မှုဇုန်ရှိ ယာယီအဆောက်အဦ ရုံးခန်း၌ ကိုရီးယား KMIC Development Co.,Ltd မှ Managing Director အဖွဲ့ကို တွေ့ဆုံပြီး ကိုရီးယား - မြန်မာ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသော KMIC စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ရေး၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုတွင် အဓိက အရေးပါသည့် ရန်ကုန် - သန်လျင်- သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ယခုတည်ဆောက်နေသည့် တံတားကြီး ပြီးစီးသွားပါက ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသက်သာစေပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့လာမည် ဖြစ်ပါကြောင်း၊ ရေလယ်တိုင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန် တို့ကိုမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတဘက်ခြမ်း တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ P C Box Girder ထုတ်လုပ်နေမှု၊ လုပ်ငန်းခွင်အတွင်း သယ်ယူပို့ဆောင်ပေးနေမှုနှင့် Span by Span Method ဂျပန်နည်းပညာဖြင့် တပ်ဆင်မည့် အခြေအနေတို့ကိုလည်းကောင်း၊ Fly Over Bridge တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း သံလျင်ဘက်ခြမ်းသို့ သွားရောက်၍ ချဉ်းကပ်တံတား ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရေလယ်တိုင် အမှတ် (၆) လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လွန်းထိုးခြင်း (Launching) နည်းပညာကို အသုံးပြု၍ P C Box Girder များ တပ်ဆင်ရန် ပြင်ဆင်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအား အမြဲဂရုပြု ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယခုတည်ဆောက်နေသည့် ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ် (၃) သည် လက်ရှိ အသုံးပြု နေသည့် ရန်ကုန် - သန်လျင် အမှတ် (၁) တံတား၏အနီးတွင် တည်ရှိပြီး ပင်မတံတားအရှည် (၁၉၂၈) မီတာ၊ ယာဉ်သွားလမ်းအကျယ် (၂၄) မီတာ ယာဉ် (၄) လမ်းသွားနှင့် သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည် (၅၄၇) မီတာ၊ သန်လျင်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် (၁၈၈) မီတာ ရှိပြီး တံတား၏ခံနိုင်ဝန်မှာ (၇၅) တန်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်