နေပြည်တော် ဇူလိုင် ၄

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇူလိုင် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာစီမံကိန်း၊ စီမံခန့်ခွဲရေးကော်မတီရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများနေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စား၊ ဝတ်၊ နေရေး ဆိုသည့် အရေးသုံးပါးတွင်  နေထိုင်ရေးသည်လည်း အဓိကကျပါကြောင်း၊ ယခု ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအပိုင်း (၁)နှင့် အပိုင်း(၂)တို့တွင် ဆောင်ရွက်ဆဲအိမ်ရာကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ အိမ်ရာစီမံကိန်းများ စနစ်ကျနစွာဖြင့် အကောင်အထည် ပေါ်လာရေးအတွက် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တည်ဆောက်ပြီးအိမ်ရာ စီမံကိန်းများကိုလည်း ပြန်လည် Review လုပ်ရန် လိုပါကြောင်းမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် FMI အိမ်ရာစီမံကိန်း၊ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအပိုင်း (၁)နှင့် အပိုင်း‌(၂)၊ ထီးလှိုင်ရှင် အိမ်ရာစီမံကိန်းနှင့် ပန်းလှိုင်အိမ်ရာစီမံကိန်းများရှိ တည်ဆောက်ပြီး အိမ်ရာများနှင့် တည်ဆောက်ဆဲ အိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း လမ်းဦးစီးဌာနမှ ဆောင်ရွက်သည့် မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ကို ဆက်သွယ်သည့် အရှည်(၄)မိုင် (၁)ဖာလုံရှိသော ဆပ်သွားတော - ညောင်နှစ်ပင်လမ်းကို အမာခံကျောက်လမ်းပုခုံး ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ညောင်နှစ်ပင်အဝင် လမ်းအပိုင်းကို လမ်းအဆင့်မြှင့်တင် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက လမ်းပုခုံးများပါ အမာခံလမ်းအဆင့်ရရှိအောင် အထပ်ထပ်ဆောင်ရွက်ရန်၊ လမ်းပေါ်ရေ မဝပ်စေရန်၊ သစ်ပင်များကို လိုအပ်ချက်မျှသာ စနစ်တကျ အလင်းဖွင့်ပေးရန်နှင့် လမ်းဘေး ဝဲ/ယာ အပင်မရှိသည့်နေရာများတွင် သစ်ပင်များ စိုက်ပျိုးပေးရန်တို့ကို တာဝန်ရှိသူများကို မှာကြားသည်။

 

သတင်းစဉ်