ရန်ကုန် ၃၀ ဩဂုတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM-IUF)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) တို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များအား တွေ့ဆုံသည်။
တွေ့ဆုံရာသို့ ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ၊ CTUM ဥက္ကဋ္ဌ ဦးမောင်မောင်၊ AFFM-IUF ဥက္ကဋ္ဌ ဦးဇာနည်သွေး၊ MICS-TUsF အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်နှင့် အလုပ်သမားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို ပုံမှန်လည်ပတ် ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်နှင့် အလုပ်သမားများအပေါ် သက်ရောက်မှုများကို အဆင်ပြေ ချောမွေ့စေရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ အဖက်ဖက်မှ ကျဆင်းလျက်ရှိရာ မိမိတို့နိုင်ငံတွင်လည်း စီးပွားရေးရိုက်ခတ်မှုများ ရှိပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကုန်ကြမ်း ပြတ်လပ်ခြင်း၊ အမှာစာ မရရှိခြင်းနှင့် အခြား အကြောင်းများကြောင့် စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း၊ အင်အားလျှော့ချခြင်းများ ရှိခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ၊ အလုပ်လက်မဲ့ဖြစ်စဉ်များ၊ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်များ ယာယီရပ်ဆိုင်းခဲ့ခြင်းတို့သည် ရှောင်လွှဲမရသော စိန်ခေါ်မှုဖြစ်ပြီး ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအပေါ် ရိုက်ခတ်မှုများအား ဖြေလျော့မှုများနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး လုပ်ငန်းစဉ်များကို အစီအစဉ်တကျ ဆောင်ရွက်ခဲ့ပြီး လက်ရှိစီးပွားရေးဆိုင်ရာ ဖြစ်ပေါ်မှုများနှင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဘက်တင်ပြချက်များကို အပြန်အလှန်သုံးသပ်၍ သင့်တော်သည့်အချိန်တွင် နှစ်ဘက် အဖွဲ့အစည်းတို့အတွက် သင့်တင့်မျှတအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများတွင် အလုပ်အကိုင် အခွင့်အလမ်းများ တည်မြဲရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်ကောင်းမွန်စေရေး အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊
ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် နောက်ဆက်တွဲ စီးပွားရေး ကျဆင်းမှုကို ကုစားနိုင်ရန် စက်ရုံ၊ အလုပ်ရုံများတွင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ အလုပ်သမားများ၊ အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက် ဖြေရှင်းနိုင်ရန် နည်းလမ်းများ ရှာဖွေဖော်ထုတ်ပြီး ဝန်ကြီးဌာနမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဆက်စပ်ဌာနများနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် စားဝတ်နေရေး ကြပ်တည်းနေသည့် အဖွဲ့ဝင်များကို အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း၊ ကာလတို ချေးငွေများ ရရှိရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ သင်တန်းပို့ချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊
မိမိတို့ဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းကို ဒေသအသီးသီး၌ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စက်မှုဇုန်အသီးသီးမှ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများအထိ ကွင်းဆင်းထုတ်ပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတင်ပြလာမှုကြောင့် ကျန်ရှိနေသည့် အလုပ်သမားများအတွက် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုး ရရှိစေရေးအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် စက်ရုံလုပ်သားများ မဲပေးခွင့်ရရှိစေရေးအတွက်လည်း ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ လိုအပ်ချက်များ၊ တင်ပြချက်များကို မိမိတို့အနေဖြင့် အမြဲစောင့်ကြပ်ကြည့်ရှု၍ ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ယခုကာလတွင် အားလုံးက ရုန်းကန်နေရသည့် အချိန်ဖြစ်သည်နှင့်အညီ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှသာ အခက်အခဲများကို ကျော်လွှားအောင်မြင်နိုင်မည်ဖြစ်ကြောင်းနှင့် ယခုတွေ့ဆုံပွဲတွင် အဖွဲ့ချုပ်အလိုက် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းများပေးရေး၊ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုနှုန်း ကာကွယ်ထိန်းချုပ်ရေး၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများကို ထိရောက်မှန်ကန်စွာ ဖြေရှင်းနိုင်ရေးတို့ကို လည်းကောင်း၊ AFFM-IUF ဥက္ကဋ္ဌ ဦးဇာနည်သွေး က ၂၀၂၀ ပြည့်နှစ် တတိယလေးလပတ် ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ MICS-TUsF အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် က အနည်းဆုံး အခကြေးငွေထုတ်ပြန်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါနှင့််စပ်လျဉ်း၍ တိကျစွာ လိုက်နာဆောင်ရွက်မှုကို ကြပ်မတ်စစ်ဆေးပေးရေး၊ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် လူမှုဖူလုံရေးအဖွဲ့မှ အကျိုးခံစားခွင့်များ ထုတ်ပေးရာတွင် ထိရောက်မှုရှိရေး၊ အလုပ်သမားများနှင့် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများကို အရေးယူဆောင်ရွက်မှု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေး ကိစ္စများကို ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်အကျိုး၊ အလုပ်ရှင်၊ အလုပ်သမားများ အကျိုးစီးပွားအတွက် စိတ်တူကိုယ်တူ ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး သတိတရားနှင့်တစ်ဦးချင်း လိုက်နာဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


