နေပြည်တော်    ၈  အောက်တိုဘာ

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ခွင့်ပြုထုတ်ပေးနေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းတွင် ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ထောက်ပံ့ကူညီမှု အကျိုးခံစားခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုအလုပ်ဌာနပေါင်း (၆၄၂၉) ဌာနရှိပြီး အာမခံအလုပ်သမား (၈၀၀၂၆၀) အတွက် ခွင့်ပြုထုတ်ပေးငွေကျပ်သန်းပေါင်း ၁၉,၆၄၀ ဒသမ ၆၃၆ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိသည့် အလုပ်ဌာနများကိုလည်း အချက်အလက်များ စိစစ်ပြီး ဆက်လက် ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်ပါကြောင်း။

 

ကိုဗစ်-၁၉ ကပ်ရောဂါ ထပ်မံဖြစ်ပွားခဲ့သည့် ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှု များပြားလာသည့်အတွက် Stay at Home အစီအစဉ်ဖြင့် အကျုံးဝင်သည့် အလုပ်ဌာနများရှိ အာမခံအလုပ်ဌာနများရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ရာခိုင်နှုန်းခွင့်ပြုနိုင်ရေးအတွက် စက်တင်ဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁၉၆/၂၀၂၀)အရ ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးမှုအနေဖြင့်  စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ Online Web portal မှ လျှောက်ထားသည့် အလုပ်ဌာန (၁၈၃၂ ) ဌာနရှိပြီး ခွင့်ပြုခဲ့သည့် အလုပ်၊ ဌာန (၃၁၃) ဌာနနှင့် အာမခံအလုပ်သမား ၃၃၈၀၂ ဦးအတွက် ခွင့်ပြုထုတ်ပေးငွေကျပ် သန်းပေါင်း ၂၃၆၂၇၃၃ ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိသည့်ဌာနများကိုလည်း အမြန်ဆုံးစိစစ်၍ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ပါကြောင်း။

 

လူမှုဖူလုံရေးအဖွဲ့၏ မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းအနေဖြင့် Quarantine ဝင်ရောက်သူ အလုပ်သမားများ Positive လူနာများ ဆေးရုံတက်ရောက်ရသူများ ကိုယ်ဝန်ဆောင်မိခင်များသို့ ဥပဒေနှင့်အညီ ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေများထုတ်ပေးရာတွင် အင်အားများသည့် စက်ရုံ၊ အလုပ်ရုံများအတွက် ရုံးချုပ်မှ သက်ဆိုင်ရာ နယ်မြေမြို့နယ်ရုံးသို့ ငွေလွှဲပေးပို့ပြီး ချက်လက်မှတ်အား စက်ရုံအလုပ်ရုံသို့ တိုက်ရိုက် ပေးပို့ဆောင်ရွက်ခြင်းနှင့် အင်အားနဲပါးသည့် စက်ရုံအလုပ်ရုံများအတွက် Online မှပေးပို့ခြင်း စသည့် စနစ် ၂ မျိုးဖြင့် အမြန်ဆုံးထုတ်ယူရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း။

 

မိမိအနေဖြင့် UMFCCI ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအားလုံးအား ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၍ အောင်မြင်စွာတွန်းလှန်နိုင်ရေး စီးပွားရေးရှင်သန်ရေးနှင့် တစ်ပြိုင်နက်တည်းတွင် အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှု မရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတင်ပြချက်များကိုလည်း အထက်အကြီးအကဲများနှင့် ဗဟိုကော်မတီသို့ အလေးထားတင်ပြသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ယှဉ်တွဲ၍ စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် အနီးကပ်ကြီးကြပ်နေကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထောက်ခံချက် မှာလည်း အရေးပါကြောင်း ကိုဗစ်-၁၉ အလွန်ကာလတွင် စီးပွားရေးပြန်လည်နိုးထနိုင်ရေးအတွက် စီမံချက်များ ဦးစားပေးကဏ္ဍများ သတ်မှတ်နိုင်ရန် ညှိနှိုင်းရေးဆွဲနေမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး အလုပ်သမားအင်အားရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အဆက်အသွယ်ကောင်း များရှိ၍ စဉ်းစားတွေးခေါ်မှုကောင်းကြသူများဖြစ်၍ အနာဂတ်ကာလအတွက် လိုအပ်လာမည့် မိမိတို့ အလုပ်သမား များအား ကျွမ်းကျင်မှုများကို ယခုကပင် ဖြည့်ဆည်းသင်ကြားပေးရန် စီစဉ်ထားလျက်ရှိပြီး လုပ်ငန်းရှင်များနှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တင်ပြသည့်လုပ်ခလစာနှင့် ထောက်ပံ့ငွေများ အမြန်ဆုံးရရှိရေးလုပ်ငန်းများ အမြန်ပြန်လည် လည်ပတ်ရေးနှင့် အလုပ်ရှင်နှင့် အလုပ်သမားများဘက်မှ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်