နေပြည်တော် ၈ ဇူလိုင်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် (အလုပ်သမားရေးရာဆိုင်ရာ) ဝန်ထမ်းများနှင့် နေပြည်တော်ရှိ ရုံးအမှတ်(၅၁)၊ စုဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား စုစည်း တွေ့ဆုံရခြင်းမှာ ဝန်ထမ်းများ၏ ဆန္ဒသဘောထားများနှင့် အကြံပြုချက်များကိုသိရှိရန်နှင့် သိသင့် သိထိုက်သည်များကိုပြောကြားရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် လုပ်ငန်း တာဝန်များကို နည်းလမ်းများရှာကြံ၍ အောင်မြင်အောင် တက်ကြွစွာကြိုးစား လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ထို့အပြင်ဝန်ထမ်းများအားလုံးအနေဖြင့် မိမိကိုယ်မိမိ အရည်အချင်းရှိစေရေး အစဉ်ကြိုးစားနေကြရန်နှင့် ဆက်စပ်ဌာနများနှင့်လည်း ပူးပေါင်း ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရသည့် ကိစ္စရပ် များတွင်လည်း အချိန်မီပြည့်ပြည့်စုံစုံပေးပို့ဆောင် ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ သို့မှာသာ မိမိဌာန၏ ဂုဏ်သတင်းသည် မွှေးပျံ့မည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ သင်တန်းကိစ္စရပ်များအနေဖြင့် ဌာနတွင်းသင်တန်းများ၊ အခြားသောသင်တန်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ ဖွင့်လှစ်သည့် သင်တန်းများနှင့် နိုင်ငံခြားသင်တန်းများသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုအရ အချိန်ကုန်ခံ၊ ငွေကြေး အကုန်အကျခံ၊ လုပ်အားများအဆုံးရှုံးခံ ဖွင့်လှစ်ပေးထားခြင်းဖြစ်သဖြင့် အဆိုပါသင်တန်းများကို တက်ရောက်ကြရာတွင် မိမိ၏အရည်အချင်းများကို ပိုမိုတိုးတက်စေရန်နှင့် မိမိဌာနတွင်အကျိုးရှိစွာ အသုံးချနိုင်စေရန် အလေးထားကြိုးစား သင်ယူစေလိုပါကြောင်း။
ထို့အတူ ပြည်ပနိုင်ငံများသို့ သင်တန်းများ၊ လေ့လာရေးခရီးများ ၊ဆွေးနွေးပွဲများ သွားရောက်ရာတွင်လည်း သွားရောက်ရမည့် ရည်ရွယ်ချက်နှင့် မိမိနှင့်သက်ဆိုင်သည့် ဘာသာ ရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာသိရှိထားရန်လိုအပ် ပါကြောင်း၊ သို့မှသာမိမိနိုင်ငံအတွက် အကျိုးရှိ မည့် တောင်းဆိုချက်များ၊ အားသာချက်များကိုပိုင်ပိုင် နိုင်နိုင်ထောက်ပြပြောဆိုနိုင်မည် ဖြစ်ပြီး မိမိနိုင်ငံအတွက် အကျိုးကျေးဇူးများပိုမို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားသို့သွားရောက် သူများအနေဖြင့် နိုင်ငံကိုယ်စားပြုသွားရောက်ခြင်းဖြစ်သဖြင့် သွားရောက်ရမည့်ကိစ္စအတွက် ထဲထဲဝင်ဝင်ပိုင်နိုင်စွာ အချက်အလက်ကျကျသိရှိနားလည်ဆွေးနွေး ပြောဆိုနိုင်ခြင်းဖြင့် နိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်ရမည်ဖြစ်ပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနကို တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွင့်လှစ်ထားသည်ကို လည်းသိရှိမည်ဖြစ်ကြောင်း၊ ထို့အတွက် အောက်ခြေရှိရုံးများအနေဖြင့် အသစ်ဖွင့်လှစ်သည့် ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကြုံတွေ့ရသည့် လိုအပ်ချက် များကိုလည်း တင်ပြစေလိုကြောင်းနှင့် လိုအပ်သည်များကိုလည်း ရုံးချုပ်မှ ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု Fonts ကိုစတင်အသုံးပြုနေပြီဖြစ်ရာ ပြင်ဆင်သင့် သည်များကို ဆောင်ရွက်ပြီးဖြစ်မည်ကိုလည်း ယုံကြည်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်ပြောင်းလဲလာသည့် ခေတ်စနစ်အခြေအနေပေါ်မူတည်၍ သိရှိနိုင်ရန်နှင့် အနာဂတ် ကာလတွင် မိမိ၏အကျိုး၊ မိသားစု၏အကျိုး၊ မိမိတို့ဌာန၏အကျိုး၊ နိုင်ငံတော်၏ အကျိုး ကိုသယ်ပိုးနိုင်ရန်စေတနာထား၍ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပါဝင်ဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


