နေပြည်တော် ၇ စက်တင်ဘာ
အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၏ ကိုဗစ်-၁၉ ကာလအတွင်း အလုပ်သမားရေးရာ အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်း တင်ပြသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနသည် အလုပ်သမားအငြင်းပွား မှုများ ဖြေရှင်းဆောင်ရွက်ရာ၌ အဓိကလုပ်ဆောင်ရသည့် ဌာနဖြစ်ကြောင်း၊ ထို့ကြောင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် သက်ဆိုင်သည့် ဥပဒေများကို ပိုမိုသိရှိနားလည်အောင် လေ့လာဆောင် ရွက်ထားကြရန်နှင့် အငြင်းပွားမှုဖြေရှင်းရေး နည်းစနစ်များကို ယခုထက် ပိုမိုလေ့လာဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလအတွင်းအငြင်းပွားမှုကိစ္စအများစုအား စက်ရုံ၊ အလုပ်ရုံ အတွင်း မှာပင်ပြေလည် အောင်ဖြေရှင်းဆောင်ရွက်နိုင်သည်ကို တွေ့ရပါကြောင်း၊ ထိုသို့ဖြေရှင်းရာ၌ တစ်ဦးကောင်း ဝါဒဖြင့် ဖြေရှင်း၍မရဘဲ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေနှင့်အညီ ဆောင်ရွက်မှသာ ရေရှည်တွင် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
စက်ရုံ၊အလုပ်ရုံများ၌ ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) ၏ အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်လာစေရန် ယခုထက်ပိုမို၍ WCC အဖွဲ့များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဌာနအနေဖြင့် အငြင်းပွားမှုများကို ဖြန်ဖြေဆောင်ရွက်ရသည့်အတွက် အလုပ်ရှင်၊ အလုပ်သမားများအကြား သမာသမတ်ကျစွာ မျှတအောင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများရှိ HR မန်နေဂျာများအား လုပ်ငန်းခွင်ဆက်ဆံရေး အားကောင်းလာစေရန်၎င်းတို့၏အခန်းကဏ္ဍကို မြှင့်တင်ပေးရန်အတွက် အသိပညာပေး သင်တန်းများ ဆက်လက်တိုးမြှင့်ဖွင့်လှစ်သွားရန် လိုအပ်ပါကြောင်း။
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်လာသော စီးပွားရေးဂယက်များကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနေဖြင့် ကုန်ချောများတင်ပို့ရန် အခက်အခဲဖြစ်နေခြင်း၊ ကုန်ကြမ်းပြတ်လပ်ခြင်း၊ ကုန်အမှာစာ မရရှိခြင်း စသည့် အခက်အခဲများကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ကျဆင်းလာသည်နှင့်အမျှ စက်ရုံများအပြီး ပိတ်ခြင်း၊ ယာယီပိတ်ခြင်း၊ အလုပ်သမား အင်အားလျှော့ချခြင်းဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်အရ အငြင်းပွားမှုများကို ဖျန်ဖြေဆုံးဖြတ်ရသည့် ဌာနဖြစ်၍ အလုပ်သမားများ အင်အားလျှော့ချခံရခြင်း သို့မဟုတ် စက်ရုံ၊ အလုပ်ရုံပိတ်သိမ်းခြင်းကြောင့် အလုပ်ရပ်စဲ ခံရသည့်ကိစ္စများပေါ်ပေါက်ပါက ဥပဒေနှင့်အညီ သတ်မှတ်ထားသော အလုပ်ရပ်စဲမှု နစ်နာကြေးများကို ကြန့်ကြာမှု မရှိစေဘဲ ရရှိခံစားနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကိုဗစ်-၁၉ ကာလအတွင်း အလုပ်ရှင်နှင့် အလုပ်သမားများသည် တောင်းဆိုချက်များကို WCC တွင် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လာသည်ကိုတွေ့ရှိရကြောင်း၊ အချို့အလုပ်ရှင်များအနေဖြင့် မိမိတို့စက်ရုံ ယာယီပိတ်သိမ်း မည့်ကိစ္စ၊ ထိုသို့ပိတ်သိမ်းစဉ် အလုပ်သမားများအား လစာ၏ ရာခိုင်နှုန်း နှုန်းထားဖြင့်ခံစားခွင့်ပေးသည့်ကိစ္စ၊ အင်အားလျှော့ချရမည့်အခြေအနေတို့ကို WCC တွင် ညှိနှိုင်းလာသည်ကို တွေ့ရှိရကြောင်း၊ အလုပ်သမားများအနေ ဖြင့်လည်း ဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းမပြုလုပ်ဘဲ လုပ်ငန်းခွင်အတွင်း ငြိမ်းချမ်းစွာ တောင်းဆိုလာ သည်ကို တွေ့ရှိရကြောင်း။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC)ကို ဖောက်ဖျက်ကျူးလွန်သောကြောင့် အလုပ်မှထုတ်ပယ်သည့် အငြင်းပွားမှုများတွင် သက်ဆိုင်ရာဦးစီးဌာနသို့ အမှုတွဲလွှဲပြောင်းခြင်းထက် သက်ဆိုင်ရာ တာဝန်ခံအရာရှိမှ ပူးပေါင်း ဖြေရှင်းပေးပါက ပြေငြိမ်းမှုရရှိသည်ကို တွေ့ရှိရသည့်အပြင် အငြင်းပွားမှုများ၏ ၇၀ ရာခိုင်နှုန်းသည် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့အဆင့်တွင် ပြေငြိမ်းမှုရရှိသည်ကို တွေ့ရှိရကြောင်း။
မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဆင့်တွင် အမှုတွဲလွှဲပြောင်းသည့်ကိစ္စရပ်များကြောင့် အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက် ရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာဌာနများမှ တစ်ပါတည်းသွားရောက်၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပြီး၊ အလုပ်သမားများအနေဖြင့် ဥပဒေတွင်မပါရှိသည့် နှစ်ဖက်ညှိနှိုင်းရမည့် အချက်များ၊ အလုပ်ရှင်၏ စီမံခန့်ခွဲပိုင်ခွင့်အရ လုပ်ဆောင်ပေးရမည့်အချက်များကို တောင်းဆိုလာပါက ပြေငြိမ်းမှုရရှိစေရန်အတွက် WCC တွင် ညှိနှိုင်းစေပြီး ပြေလည်မှုမရပါကသက်ဆိုင်ရာ မြို့နယ်တာဝန်ခံအရာရှိများမှ ပေါင်းစပ်ဖြေရှင်းပေးရန်ပြောကြားသည်။
ယင်းနောက် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကိုဗစ်-၁၉ ကာလအတွင်း ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့၏ အလုပ်သမား ရေးရာအငြင်းပွားမှုများ ဖြေရှင်းပေးခဲ့မှုများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းမှုများ၊ တရားစွဲဆိုဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ကာလအတွင်း စက်ရုံပိတ်သိမ်းခြင်း၊ အင်အားလျှော့ချခြင်း အခြေအနေများ၊ အငြင်းပွားမှုဖြေ ရှင်းရေးဆိုင်ရာ Standard Operating Procedure (SOP)နှင့် နည်းဥပဒေများ ရေးဆွဲမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးခဲ့မှုအပေါ် ပြည်ထောင်စု ဝန်ကြီးက အငြင်းပွားမှုများဖြေရှင်းရေးဆောင်ရွက်ရာတွင် WCC သည် အခြေခံကျခြင်းကြောင့် WCC များ တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် WCC တွင် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်၊ WCCအဖွဲ့ဝင်များအား သင်တန်းပေးနိုင်ရေးဆောင်ရွက်ရန်နှင့် အလုပ်သမားရေးရာ အငြင်းပွားမှုများအား ဖြေရှင်း ဆောင်ရွက်ခြင်းသည် အဓိကလုပ်ငန်းတာဝန်ဖြစ်ခြင်းကြောင့် အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ကြန့်ကြာမှုမရှိစေဘဲ လုပ်ဆောင်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


