ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan အား လက်ခံတွေ့ဆုံ

နေပြည်တော် ၃၀  မေ 
    

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ်   Mr. Ramanathan Balakrishnan အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
    

တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူ နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာရင်းကောက်ကွက်များ ရွေးချယ် သတ်မှတ်၍ ကောက်ကွက်မြေပုံရေးဆွဲခြင်းနှင့် အဆောက်အဦ စာရင်းတင်ခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ကြားဖြတ် သန်းခေါင်စာရင်းသည် ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အကြို လုပ်ငန်းစဉ်ဖြစ်၍ အရေးပါသည့် လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်ရမည့် အခြေအနေ၊ ကြားဖြတ် သန်းခေါင်စာရင်းကို CAPI နည်းပညာ အသုံးပြုဆောင်ရွက်မည်ဖြစ်သဖြင့် UNFPA အနေဖြင့် နိုင်ငံတကာအတွေ့အကြုံများ၊ နည်းပညာများ မျှဝေပေးနိုင်ရေး၊ လာမည့် ဇူလိုင်လတွင်ကျင်းပမည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားနှင့် နိုဝင်ဘာလတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ၌ကျင်းပမည့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့၏ နှစ်ပတ်လည်ညီလာခံတို့တွင် UNFPA မှ ဆောင်ရွက်မည့် အစီအစဉ်နှင့် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနမှ မကြာမီ ဆောင်ရွက်မည့် e-ID စနစ် လုပ်ငန်းစဉ်နှင့် ယင်းလုပ်ငန်းစဉ်အပေါ် UNFPA မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် UNFPA အနေဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ညှိနှိုင်းကာပူးပေါင်း ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဝန်ကြီးဌာနနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး UNFPA ဌာနေ ကိုယ်စား လှယ်က ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA ၏ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ လူဦးရေအစီရင်ခံစာ စာအုပ်ကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။  

 

( သတင်းစဉ်  )