နေပြည်တော် ၂၆ ဇူလိုင်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရည်မှန်းချက်တာဝန် (၃) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနအနေဖြင့် ပြီးခဲ့သည့်ကာလများတွင် သစ္စာစီမံချက်ဖြင့် ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ သော်လည်း ယခုကာလတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကြောင့် မိမိတို့ဌာနအပါအဝင် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေး ရပ်တန့်သွားခဲ့ရကြောင်း။
ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုများကိုလည်း ဖြေလျှော့မှုများ ဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် နိုင်ငံတကာ ဝင်/ထွက်သွားလာမှု ကန့်သတ်ချက်များကိုလည်း ဖြေလျော့ခွင့်ပြုလာနိုင်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်များ၊ နယ်စပ်ဂိတ်များအပါအဝင် လူဝင်မှုစစ်ဆေးရေး ဂိတ်များကိုလည်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် စီမံဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း။
မိမိဌာန၏ ဒုတိယရည်မှန်းချက် တာဝန်တစ်ခုဖြစ်သည့် အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူများအား ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းပေါ် မူတည်၍ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း အသက် (၁၀)နှစ် ပြည့်ပြီးသူနှင့် အသက်(၁၈)နှစ်ပြည့် စုစုပေါင်း (သုံးသိန်းငါးသောင်းကျော်) ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံသား စိစစ်ခြင်းလုပ်ငန်းစဉ်အတွက် ဖွဲ့စည်းထားသည့် ဗဟိုအဖွဲ့သည်လည်း ၂၀၁၆ ခုနှစ် လက်ရှိအစိုးရ စတင် တာဝန်ယူချိန်ကစပြီး ယခုအထိ ဗဟိုအဖွဲ့ အစည်းအဝေး (၂၃)ကြိမ် ပြုလုပ်ပြီး စုစုပေါင်း (၁၇၆၈၄) ဦးကို ကိုင်ဆောင်သင့်သည့် သက်ဆိုင်ရာ ကတ်ပြားအသီးသီးကို ထုတ်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) များကိုလည်း ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လုပ်ငန်းစတင်ချိန်မှ ယခုနှစ် ဇွန်လကုန်အထိ (၉၈၈၇၀)ကို NV Card ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် e-Government စနစ်၏ အခြေခံ အကျဆုံးလုပ်ငန်းဖြစ်သည့် e-ID စနစ်ကို မိမိတို့ ဝန်ကြီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းကို မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းညှိနှိုင်း၍ မိမိတို့ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD ကုမ္ပဏီတို့အကြား လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ်လုပ်ငန်း ဆောင်ရွက်ရာမှာ လည်း ပြည်သူလူထု အသိပညာ ပေးလုပ်ငန်းများနှင့်ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်မည်ကို ကြိုတင်စဉ်းစားဆောင်ရွက်ထားကြရန် မှာကြားလိုပါကြောင်း။
မိမိတို့ဝန်ကြီးဌာနသည် ဌာန၏ရည်မှန်းချက် တာဝန်များကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေရမှာ ဖြစ်သကဲ့သို့ ယခုအချိန်တွင် နိုင်ငံအတွက် အလွန်အရေးကြီးပြီး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ခံယူကာ ဆောင်ရွက်ရမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် ရရှိရေးအတွက် လိုအပ်သည့် ကိုင်ဆောင် လက်မှတ်တစ်မျိုးမျိုး ရရှိရေးလုပ်ငန်းကို ဌာန၏ဦးစားပေးလုပ်ငန်းအဖြစ် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းနေထိုင်သူများ သာမက ပြည်ပရောက်မြန်မာနိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာသံရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲစာရင်းတွင် ပါရှိပြီး ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် ကတ်ပြားအမှတ်များ ဖြည့်သွင်းထားခြင်းမရှိသူများအတွက် ၎င်းတို့၏ ကတ်ပြားအမှတ်များ မှန်ကန် ပြည့်စုံစွာ ဖြည့်သွင်းနိုင်ရေးကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်ကာ လုပ်ငန်းအောင် မြင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ပြင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက မဲစာရင်းများ ထုတ်ပြန်ကြေညာရာ တွင်လည်း ယင်းမဲစာရင်းတွင် ဖြည့်သွင်းရန်ကျန်ရှိနေသည့် ကိုင်ဆောင်လက်မှတ် အမှတ်များကို မိမိဌာန၏ မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်ဖြည့်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်များအတွက် မှတ်ပုံတင်ရရှိရေး စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးရမည့်လုပ် ငန်းကို ဦးစားပေး လုပ်ဆောင်သွားကြရန်လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် သက်ဆိုင် ရာဦးစီးဌာနရုံးများ၌ လက်ရှိအင်အားပေါ်မူတည်ပြီး လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲကာ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနရုံးများအလိုက် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများအပြင် အဓိက ဦးစားပေးလုပ်ငန်းဖြစ်သည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် ရရှိစေရေးအတွက် လိုအပ်သောမှတ်ပုံတင် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည့် အစီအစဉ်ကို အသေးစိတ်ရှင်းလင်းဆွေးနွေး တင်ပြကြရန်နှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့် လင်းလင်း ရှင်းလင်း ဆွေးနွေး တင်ပြကြရန်လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ဝန်ထမ်းအားလုံးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူကာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ခြုံငုံသုံးသပ် ဆွေးနွေးသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကာ မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရင်း ယခု ဦးစားပေးဆောင်ရွက်ရမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ တိုင်းမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စီမံချက်ပါ သတ်မှတ် ကာလအတွင်း ပြီးမြောက် အောင်မြင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


