နေပြည်တော် ၂၉ သြဂုတ်
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဌာနမှ တာဝန်ရှိသူများသည် လုပ်ငန်းရှင်များနှင့် မကြာခဏတွေ့ဆုံ ဖြေရှင်း ဆောင်ရွက်ပေးနေမှုများနှင့် တင်ပြချက်များကို ဝန်ကြီးဌာနအနေဖြင့် အမြဲမပြတ် သုံးသပ်၍ လိုအပ်သည်များ ဆောင်ရွက်ပေးနေသည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုများ ဖြစ်ပွားနေသဖြင့် နိုင်ငံတော်က ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အထည်ချုပ် လုပ်ငန်းများတွင် ယခုအချိန်ထိ ရောဂါ ကူးစက်မှုမရှိသေးခြင်းမှာ အလုပ်ရှင်၊ အလုပ်သမားများအားလုံးက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက် နေခြင်းကြောင့်ဖြစ်ရာ ယင်းကဲ့သို့ ဆက်လက်လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားမှုများ မြင့်တက်လာသည့်အတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အားလုံးဆက်လက်ပူးပေါင်း၍ အလေးထား ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ အထည်ချုပ်လုပ်ငန်းများအနေဖြင့် နိုင်ငံတကာအမှာစာ များလျော့နည်းမှု၊ ရပ်တန့်မှုများရှိနေ သည်ကိုသိရှိရပြီး အလုပ်ရှင်များဘက်မှ ဖြေရှင်းနိုင် သည်များရှိသကဲ့သို့ မဖြေရှင်းနိုင်သည် များလည်း ရှိနိုင်ပါကြောင်း။
အလုပ်သမားများ၏ တောင်းဆိုမှုများ၊ အငြင်းပွားမှုများကို ဌာနအနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင် ရေးအတွက်လည်း ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အလုပ်ရှင်/ အလုပ်သမား အငြင်းပွားမှုများကို စက်ရုံ၊ အလုပ်ရုံ အတွင်း ဖြေရှင်းရေး ယန္တရားနှင့်အညီ အဆင့်ဆင့်ဖြေရှင်းနိုင်ရေး စီစဉ် ဆောင်ရွက်ထားပါကြောင်း၊ နိုင်ငံတော်အနေဖြင့်အလုပ် ရှင်များနှင့် အလုပ်သမားများ၏ တင်ပြချက်များအားလုံးကို အလေးထားသုံးသပ်ကာ စနစ်တကျ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တည်ဆဲဥပဒေ များကိုလည်း ခေတ်စနစ်နှင့် လိုက်လျော ညီထွေ ဖြစ်စေရေး ပြန်လည်သုံးသပ်ပြုပြင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူ များအတွက် ရင်းနှီးမြှုပ်နှံရန် သင့်တော်သည့် ပတ်ဝန်းကျင်ကောင်း ဖြစ်စေရေးအတွက် ဖြေလျှော့ဆောင်ရွက်မှုများဖြင့် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယခုကာလတွင်လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် အထည်ချုပ်လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ အမြဲမပြတ်ထိတွေ့ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုတွေ့ဆုံမှုတွင် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန်နှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းနှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက အထည်ချုပ်စက်ရုံများရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် လုပ်ငန်းများအပေါ် ရိုက်ခတ်မှုများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ လုပ်သားအင်အားအခြေအနေနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်အကျိုးစီးပွားအတွက် အထည်ချုပ်လုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးရှင်သန်နိုင်ရန် အားလုံးက ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်နိုင်ရေး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် UMFCCI ရှိ ဧည့်ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေး ရှင်း၊ တမီလ်(ပါရ်ကဝကူလာ) လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ တမီလ်ဟိန္ဒူ သာသနာရေး ရန်ပုံငွေအဖွဲ့တို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးနှင့် မဲစာရင်းတွင် ပါဝင်သူတိုင်း မဲပေးနိုင်ရေးဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံအတွင်း နေထိုင်သူများအတွက် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေအရ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေး နိုင်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံအတွင်း နေထိုင်သည့် ဟိန္ဒူဘာသာဝင်များအား ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အချက်အလက်စာရင်းဇယားများ ပြည့်စုံမှန်ကန်စေရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အချက်အလက်များ မှန်ကန်ဖြည့်သွင်းစေရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများနှင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ် FRANCE ခန်းမ၌ ကျင်းပသည့် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒေသခံပြည်သူတစ်ဦးချင်း လက်ဝယ်သို့ ပေးအပ်ကြရာ ဒေသခံပြည်သူများ ကိုယ်စားကရင်ခြံရပ်ကွက်မှ ဦးစောသန်းထွန်း က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အလုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် မှတ်တမ်းမှတ်ရာစာရင်းဇယားများ ဖြည့်သွင်း ဆောင်ရွက်ပေးနေမှုကို လှည့်လှည်ကြည့်ရှုအားပေးသည်။ ယနေ့ရုံးပိတ်ရက်တွင် ကရင်ခြံ ရပ်ကွက်နေပြည်သူ (၉၀)အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


