နေပြည်တော်  ၂၈   ဇူလိုင် 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr. Zhao Kezhi ၏ ဖိတ်ကြားချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့သည် ဇူလိုင် (၂၃) ရက်မှ (၂၇) ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၄ ရက်တွင် ပေကျင်းမြို့၊ ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ နိုင်ငံတော်လူဝင်မှုကြီးကြပ်ရေးဌာနကြီးမှူး၊ ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr.XuGanLu နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား သဘောတူညီချက်အရ ဝန်ထမ်းများအား နှစ်စဉ်သင်တန်းပေးခြင်း၊ နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် ဝင်/ထွက်မှုများထိန်းချုပ်နိုင်ရေး၊ တရားမဝင် ဝင်ရောက်သည့် နှစ်ဖက်နိုင်ငံသားများအား စိစစ်လွှဲပြောင်းလက်ခံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်း ကျူးလွန်သူများ၏ ကိုယ်ရေးအချက်အလက်များဖလှယ်နိုင်ရေး၊ သတင်းအချက်အလက်နည်းပညာဖြင့် ပြစ်မှုကျူးလွန်သူများအား နှစ်နိုင်ငံပူးပေါင်း ဖော်ထုတ်နိုင်ရေး၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်ခြင်းနှင့် တရားမဝင် လက်နက်မှောင်ခိုရောင်းဝယ်မှုများတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် ညနေ (၅)နာရီခွဲတွင် နိုင်ငံတော်ကောင်စီဝင်၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Zhao Kezhi နှင့် တွေ့ဆုံ၍  နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် ဝင်/ထွက်မှုများ ထိန်းချုပ်နိုင်ရေး၊ တရားမဝင် ဝင်ရောက်သည့် နှစ်ဘက်နိုင်ငံသားများအား စိစစ်လက်ခံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ သတင်းအချက်အလက်နည်းပညာဖြင့် ပြစ်မှုကျူးလွန်ခြင်း၊ လူကုန်ကူးမှုနှင့်လက်နက်မှောင်ခို ရောင်းဝယ်မှုများတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 


ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၅ ရက်တွင် ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင်မြို့၊ ပြည်သူ့လုံခြုံရေးဌာနဌာနကြီးမှူး Mr. Zhao Haishan အား သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၂၆ ရက်တွင် ကွမ်တုန်းပြည်နယ်၊ ပြည်သူ့လုံခြုံရေး ဌာနကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ရာ Mr. Zhao Haishan နှင့် တာဝန်ရှိသူများက  Artificial Intelligence နည်းပညာအသုံးပြု၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာထိန်းချုပ်မှုစနစ်၊ ပြစ်မှုကျူးလွန်သူများအား စောင့်ကြည့်ထိန်းချုပ်ရေးစနစ်၊  ကွန်ရက်တည်ဆောက်ထားရှိမှုများ၊ မြေပြင်မှရရှိသည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ပေးပို့ဖလှယ်သည့် စနစ်များ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ကွမ်တုန်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လုံခြုံရေး ပြည်နယ်ဦးစီးဌာနမှူး Mr. Li Chunsheng နှင့် တွေ့ဆုံရာ ၎င်းမှ ကွမ်တုန်းပြည်နယ်သည် မြန်မာ နိုင်ငံနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်ပ၌ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူမှု တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်မျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီ ချက်အရ ကွမ်တုန်းပြည်နယ်သည် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် သွားရန်ဆန္ဒရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရန်အတွက်သင်တန်းများ ဖွင့်လှစ်လေ့ကျင့် ပေးနိုင်ရေး ကိုလည်း တရုတ်နိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။


 (သတင်းစဉ်)