နေပြည်တော်၊ နိုဝင်ဘာ  ၁၂
    
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီရုံး (မန္တလေးရုံးခွဲ) တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ စားသုံးသူများ ပစ္စည်းအရည်အသွေး မှန်ကန်စွာဝယ်ယူနိုင်ရေး၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေအပါအဝင် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရေးအတွက် လုပ်ငန်းတာဝန်များကို စေတနာထား ဆောင်ရွက်ပေးကြရန်၊ တာဝန်ဆောင်ရွက်ရာတွင် အဂတိလုံးဝကင်းရန်၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စွမ်းအားပြည့် ဆောင်ရွက်ရန် မှာကြားသည်။

 

mdn

 

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်ရှိ အာရှလှိုင်းကျော် ပဲခွဲစက်ရုံအတွင်း ပဲများသန့်စင်၊ ကြိတ်ခွဲ၊ ထုတ်ပိုးနေမှုများကို ကြည့်ရှုစစ်ဆေး၍ ပြည်တွင်းဖူလုံမှုရှိရေး၊ ပြည်ပသို့ ပို့ကုန်မြှင့်တင်ပေးပို့ရေး၊ ပြည်ပဈေးကွက် ရရှိရေးတို့ကို သတ်မှတ်စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်မှာကြားသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဝန်ထမ်းများနှင့် နေ့လယ်စာ အတူတကွ စားသုံးခဲ့ကြောင်း သိရသည်။

သတင်းစဉ်