နေပြည်တော် နိုဝင်ဘာ ၁၉

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့ရှိ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေး စခန်းတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အပြီးတည်ဆောက်ရေး၊ အရည်အသွေး ပြည့်မီရေး၊ အဂတိကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပို့ကုန်၊ သွင်းကုန် ပစ္စည်းတင်မော်တော်ယာဉ်များအား X- Ray စက်ဖြင့် စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ သီရိဥဿာဈေး အပေါ်ထပ်ရှိ အသေးစား၊ အငယ်စား၊ အလတ်စား(MSMEs) ထုတ်ကုန်အရောင်းစင်တာသို့ သွားရောက်ပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ပဲခူးတိုင်းဒေသကြီး MSMEs လုပ်ငန်းများ၏ ဒေသထွက်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးကာ ပြည်တွင်း ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရန်၊ ပြည်ပဈေးကွက် ရရှိရေးနှင့် စားသုံးဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ဒေသတွင်းဆီပိုမိုထုတ်လုပ် ရောင်းချနိုင်ရေးဝန်ကြီးဌာနမှ လိုအပ်သည်များ ကူညီပေးမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြား သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းတာဝန်များကို စေတနာထားဆောင်ရွက်ရန်၊ အဂတိကင်းရှင်းရန်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်မှာကြားပြီး ပဲခူးစက်မှုဇုန်ရှိ Myanstar Factory သို့ သွားရောက်ကာ စက်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် အထည်များချုပ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အရည်အသွေးမီစေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သနပ်ပင်မြို့ရှိ စိန်သုံးလုံး ဆန်စက်သို့ရောက်ရှိပြီး စက်ရုံအတွင်း ပြည်တွင်းစားသုံးရန် ဆန်ကြိတ်ခွဲထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီသော ဆန်များကြိတ်ခွဲ ထုတ်လုပ်နိုင်ရေးအတွက် ဆန် စက်များ အဆင့်မြှင့်တင်ရေး၊ ဆန်စက်များ အနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ထုတ်လုပ်နေခြင်း ဖြစ်သဖြင့် အရည်အသွေးမှန်၊ ဈေးနှုန်းမှန်၊ အရောင်းအဝယ်မှန် ဟူသည့် ပြဋ္ဌာန်းချက်များအတိုင်း ညီညွတ်စွာဆောင်ရွက်ရေးနှင့် ဆန်ကြိတ်ခွဲထုတ်လုပ်မှုမှ ထွက်ရှိသည့် ဆန်ကွဲ၊ ဖွဲနုများကို မွေးမြူရေး အစားအစာ အဖြစ်ထုတ်လုပ်ပြီး ပြည်တွင်းဖူလုံမှုကို ထောက်ပံ့နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)