နေပြည်တော်၊ နိုဝင်ဘာ ၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီ သိုလှောင်ကန်များ၌ စားသုံးဆီများ သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးပေးနေမှုနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းပဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းဒေါင့်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနသို့ ရောက်ရှိပြီး အသေးစားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများ ပြခန်းနှင့် ရုံးအဆောက်အဦအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန ပြန်လည်မွမ်းမံမှုမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြီးစီးမည်ဖြစ်ပြီး အသေးစား ထုတ်ကုန်ပစ္စည်းပြပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများကို စနစ်တကျ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းအနီးတွင် တည်ရှိသော မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (Myanmar Inspection and Testing Services Limited-MITS) သို့ ရောက်ရှိပြီး သွင်းကုန်ပစ္စည်းများအတွက် ပြည်တွင်းစားသုံးသူများ ကျန်းမာရေးနှင့် ညီညွတ်စွာစားသုံးနိုင်ရေး အရည်အသွေးမှန်ကန်စွာစစ်ဆေးရန်၊ ပြည်ပပို့ကုန်များ တင်ပို့ရာတွင် နိုင်ငံ့ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးအတွက် ပို့ကုန်များကို သတ်မှတ်အရည်အသွေးပြည့်မီစေရေး စနစ်တကျ စစ်ဆေးရန်နှင့် စစ်ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်