နေပြည်တော် ဩဂုတ် ၃
ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာ အသုံးပြု စိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာတွင် ကျင်းပသည်။
သရုပ်ပြပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည် တော်ကောင်စီနယ်မြေ အတွင်းရှိ တောင်သူလယ်သမားများ တက်ရောက်ကြသည်။
သရုပ်ပြပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြု စိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးစရိတ် ကုန်ကျမှု သက်သာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေခြင်းအပြင် ထယ်ထိုးပြီးစိုက်ပျိုးခြင်းနှင့် ကွာခြားချက်ကို သိရှိနိုင်ရန် ယခုစိုက်ကွင်းတွင် တောင်သူများကို လက်တွေ့ပြသပြီး ရလဒ်ကောင်းများ တောင်သူ ယုံကြည့်စွာ လိုက်ပါကျင့်သုံး လုပ်ကိုင်နိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာကို လယ်မြေများတွင် မိုးစပါးအပြီး ဆောင်းပဲသီးထပ် စိုက်ပျိုးသောဒေသတွင် အထူးသင့်တော် ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီး တွင် လည်း ယခုကဲ့သို့သော သရုပ်ပြ လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ တောင်သူများ ၏ အတွေ့အကြုံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဆွေးနွေးပြီး ပိုမိုကောင်းမွန် အောင် ကြိုးစား ကြရန်လိုကြောင်း။
ရာသီအချိန်မီ စိုက်ပျိုးထုတ်လုပ်ရန်နှင့် လယ်ယာလုပ်သားရှားပါးမှုကျော်လွှားရန်၊ အရည်အသွေးကောင်း သီးနှံများ အရေအတွက်များများထုတ်လုပ်ရန်တို့အတွက် စက်မှု လယ်ယာသို့ ကူးပြောင်းရေးသည် မလွှဲမသွေလုပ်ဆောင်ရမည့် ကာလလည်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေး က သရုပ်ပြပွဲ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြုစိုက်ပျိုးခြင်းလုပ်ငန်းနှင့်ပါတ်သက်၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် အခမ်းအနားတက်ရောက်လာကြသော တောင်သူများက သိရှိလို သည်များ မေးမြန်းဆွေးနွေးရာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ရိုးပြတ်ရိတ်စက်အသုံးပြုပြီး ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြု စိုက်ပျိုးခြင်း၊ ရိုးပြတ်ကို မရိတ်ပဲ ထယ်ရေးမလိုသော မျိုးစေ့ချ ကိရိယာ အသုံးပြု စိုက်ပျိုးခြင်း စသည့် စိုက်ပျိုးနည်းများဖြင့် လက်တွေ့ စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီး ဒုတိယ ဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာသူများက မြေပြင်အခြေအနေ၊ မျိုးစေ့ မြေဝင် အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်