နေပြည်တော် ဒီဇင်ဘာ ၃၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းကပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အင်တိုင်းသာကျောင်းတိုက်နှင့် သရက်ခုံကျောင်းတိုက်တို့တွင် ကျင်းပသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ 

ဦးစွာ လယ်ဝေးမြို့၊ အင်တိုင်းသာကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမသာရနှင့် သရက်ခုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒမာလာ တို့ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုပြီးပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဥပ္ပါတသန္တိပါဠိဝတ်ရွတ်စဉ်စာအုပ်များကို ဆက်ကပ်လှူဒါန်းသည်။ 

ဆက်လက်၍ လယ်ဝေးမြို့၊ အင်တိုင်းသာကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဥတ္တမသာရ်နှင့် သရက်ခုံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒမာလာ တို့က အနုမောဓနာတရား ဟောကြားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အင်တိုင်းသာကျောင်း တိုက်နှင့် သရက်ခုံကျောင်းတိုက်အတွင်း/ အပြင်၌အမှိုက်သိမ်း သန့်ရှင်းရေးဆောင်ရွက်နေသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဝန်ထမ်းများကို ကြည့်ရှုအားပေးသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်၊ လယ်ဝေးမြို့နယ် အေလာသရက်တောပရိယတ္တိစာသင်တိုက်တွင် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်တော်မူသည့် ဆရာတော်သံဃာတော်များကို သွားရောက်ကြည်ညိုပြီး ဥပ္ပါတသန္တိပါဠိတော်ဝတ်ရွတ်စဉ် စာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော် နေသော ဆရာတော်သံဃာတော်များကို သွားရောက်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိပါဠိတော်ကို နိုဝင်ဘာ၅ ရက်မှစ၍ ၁၀၈ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်လျက်ရှိရာ ယနေ့အထိ ၅၆ ရက်မြောက် ရွတ်ဖတ် ပူဇော်လျက် ရှိကြောင်းနှင့်နေပြည်တော်တွင် အသံမစဲ ဥပ္ပါတသန္တိ ပါဠိတော်ကို ဆက်လက် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်