နေပြည်တော် ဇွန် ၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr. Iskander Azizov အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးယားပြည်နယ်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် နိုင်ငံတကာဗုဒ္ဓညီလာခံ“ Traditional Buddhism and Modern Challenges”သို့ မြန်မာနိုင်ငံမှ သံဃာတော် များနှင့် လူပုဂ္ဂိုလ်များ ပါဝင်တက်ရောက်နိုင်ရေးကိစ္စ၊ ရန်ကုန်မြို့တွင် တည်ဆောက်မည့် ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်း စတင်တည်ဆောက်နိုင်ရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးမည့်ကိစ္စ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသား စာကြည့်တိုက်တို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်လက်မှတ်ရေးထိုးမည့်ကိစ္စ၊ ရှေးဟောင်း သုတေသနဆိုင်ရာပစ္စည်းများ ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည့် နည်းပညာအကူအညီများ ပေးအပ်နိုင်ရေးကိစ္စ၊ အနုပညာအစီအစဉ်များ၊ စာကြည့်တိုက်ထိန်းသိမ်းသည့် နည်းပညာဖလှယ်မှုများ ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည်ကိစ္စ၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကိုအခြေတည်၍ နောင်လာမည့် အနာဂတ်ကာလများတွင်လည်း သာသနာရေးနှင့်ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
(သတင်းစဉ်)