နေပြည်တော် ဇွန် ၁၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူပြီးဖြစ်သည့် Mrs. Ponnamperuma Arachchige Prabashini Ponnamperuma အား ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ထေရဝါဒ ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်၍ သံဃာတော်များအား ၎င်းတို့၏ဆောင်ရွက်မှုအလိုက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ နှစ်စဉ်ပေးအပ်လျက်ရှိမှုအခြေအနေ၊ သီရိလင်္ကာနိုင်ငံမှ ရွှေကျင်နိကာယ၊ ရာမညနိကာယ၊ အမရပူရနိကာယ၊ စိရမ်နိကာယစသည့် နိကာယ ၄ရပ်လုံးမှ ထေရ်ကြီးဝါကြီး ဆရာတော်များအား သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ဆက်ကပ်လျက်ရှိမှု၊ ထေရဝါဒ ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်၍ သံဃာတော်များအား နှစ်နိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များတွင် ပညာတော်သင်စေလွှတ် သင်ကြားပေးနိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံရှိ ထင်ပေါ်ကျော်ကြားသော တန်ခိုးကြီးဘုရားများသို့ သီရိလင်္ကာနိုင်ငံသားများ လာရောက်ဖူးမြော်နိုင်ရေးနှင့် ဘာသာရေး၊ ယဉ်ကျေးမှု အခြေပြုခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်