နေပြည်တော်၊ အောက်တိုဘာ ၁၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောက ချမ်းသာစေတီတော်နှင့် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ စေတီတော်ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စဝ်စံထွန်းရပ်ကွက်မူလမင်းကွန်းကျောင်းတိုက်၌ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသ အမှူးပြုသော နိုင်ငံတော် ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကြသည်။
ဦးစွာ ပြည်ထောင်စု ဝန်ကြီးနှင့် ပရိတ်သတ်များက နိုင်ငံတော် ဩဝါဒါစရိယ၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တောင်ကြီးမြို့ ချမ်းသာ ရပ်ကွက် ဘုရားကြီးအနောက်ကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသဇ္ဇန၊ တောင်ကြီးမြို့ နောင်ခဲကျေးရွာ အုပ်စုနောင်ခဲကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တခေမာစာရ၊ တောင်ကြီးမြို့ ချမ်းသာရပ်ကွက်၊ သိမ်တောင် ကျောင်းဆရာတော်၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇဝန္တ၊ တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက်၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ (ငှက်တွင်း) ဥက္ကဋ္ဌ စတုဘုမ္မိက ကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရတို့က ပစ္စုပ္ပန်၊ သံသရာနှင့် အနာဂတ်သာသနာတော်အတွက် ကောင်းကျိုးဖြစ်ထွန်း စေမည့် ဩဝါဒများ မိန့်ကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ရှမ်းပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ပူဇော်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးထံ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် ၁၉၂၆ ဆူကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင် ကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူ ကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်